CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅

မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ တောင်ကြီးမြို့များသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၄ ရက်နေ့က သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို တိုက်ပွဲများကြောင့် ပျက်ဆီးသွားသော ဆီဆိုင်မြို့နှင့် လွိုင်ကော်မြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း ကြီးကြပ်ညွှန်ကြားသွားကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဒေသခံလက်နက်ကိုင် (Local PDF)များ ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်နှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆီဆိုင်မြို့ကို ရောက်စဉ်

ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ် ဆီဆိုင်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ပအိုဝ်း PDF၊ KNDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပအိုဝ်းပြည်သူ့စစ်(PNO)၊  မြန်မာ့တပ်မတော်တို့ဖြင့် တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် မြို့များ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် လိုအပ်နေ သည်။

လက်ရှိမှာလည်း ထိုဒေသများတွင် မြန်မာ့တပ်မတော်၊ PNO က တစ်ဖက်၊ KNDF၊ ပအိုဝ်း PDF များက တစ်ဖက် စစ်ရေးတင်းမာလျက်ရှိနေသည်။