CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ဘူးဟု NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့် ကိုယ်စားလှယ်အဖွဲ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယနေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ ဆက်ဆံရေးနှင့်ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်း မောက် တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့က “ NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးနှင့်နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိ သည်” ဟု ပြောသည်။

ထို့နောက် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက် ရေး၊ ဒေသခံ တိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို NDAA အဖွဲ့ က တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစက တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌက “လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်မှသာလျှင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍ မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည်” ဟု ပြောသည်။

ထို့နောက် မိမိတို့အနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စု နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေး ရရှိအောင်  ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး စသည်တို့ကို နစကဥက္ကဋ္ဌက ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို ကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ပြောကြား၍ ဖိတ် ခေါ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၂ ရက်နေ့အတွင်းမှာ နစက ဥက္ကဋ္ဌသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကု နှင့်လည်းကောင်း အသီးသီး  တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။ ထို့နောက် အထူးဒေသ(၄)အဖြစ် သတ်မှတ်ပေးကာ မိုင်းလားမြို့ကို ဌာနချုပ်အဖြစ် ထားကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထား သည်။

ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ရေး (Bilateral)ရေးထိုးခဲ့သည်။