CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များသည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (စက်တင်ဘာ ၂၅ ရက်)တွင် နေပြည်တော် သို့ ရောက်ရှိလာခဲ့သည်။

UWSA ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးလော့ယာကုက လည်းကောင်း၊ NDAA ကိုယ်စားလှယ်အဖွဲ့အား ဒုဥက္ကဋ္ဌ ဦးစန်ပေ့က လည်းကောင်း၊ SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်က လည်းကောင်း အသီးသီး ဦးဆောင်လာခဲ့ကြောင်း သိရသည်။

UWSA  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နေပြည်တော်ရောက်လာစဉ် 

ထို့နောက် စက်တင်ဘာ ၂၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဆိုပါ ပူးတွဲ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ ဆက်လက်၍ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA၊ NDAA၊ SSPP ပူးတွဲကိုယ်စားလှယ်များ အသေးစိတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

UWSA ၊ NDAA ၊ SSPP တို့သည် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ယခုအခါသည် ဒုတိယအကြိမ် တွေ့ဆုံ ခြင်း ဖြစ်သည်။

SSPP ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရောက်လာစဉ်

ပထမ အချိန်ကတော့ UWSA နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးထားသလို NDAA နှင့် နစကလည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။ ထို့နောက် SSPP နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော အဖွဲ့များသည်။