CNI International News
ဘေဂျင်၊ ဇွန်လ ၃၀
တရုတ်နိုင်ငံတွင် ပြည်သူ့ဝန်ထမ်းအချို့ကို စားသောက်ဆိုင်များတွင် လူ ၃ ဦးထက်ပိုပြီး အုပ်စုဖွဲ့ စားသောက်ခွင့် ပိတ်ပင်သည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်၏ ဂုဏ်ပြုညစာ စားပွဲများတွင် အရက်အလွန်အကျွံ သောက်မှုများကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး နောက် ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကျွမ်းကျင်သူများကတော့ တရုတ်အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
တရုတ်အစိုးရသည် မေလအတွင်းက ခြိုးခြံချွေတာရေး စည်းမျဉ်းစည်းကမ်းများကို မေလက ထုတ်ပြန်ခဲ့ပြီး ကွန်မြူနစ်ပါတီဝင်များနှင့် ပြည်သူ့ဝန်ထမ်းများအား စျေးကြီးသည့် ညစာစားပွဲများတွင် ၃ ဦးထက်ပို၍ အုပ်စုဖွဲ့ စားသောက်ခွင့်၊ အခြေခံ အဆောက်အအုံများ ပရောဂျက်များ၌ ရင်းနှီးမြှုပ်နှံခွင့်၊ တန်ဖိုးကြီး ဇိမ်ခံကားများ အသုံး ပြုခွင့်နှင့် လုပ်ငန်းတာဝန် အစည်းအဝေးများတွင် တန်ဖိုးကြီး အပင်များဖြင့် အလှဆင်ခွင့်တို့ကို တားမြစ်ပိတ်ပင်ခဲ့ သည်။
သမ္မတရှီကျင့်ဖျင် ပုံရှေ့မှာ တရုတ်နိုင်ငံသားတွေ ဖြတ်သန်းသွားလာနေကြစဉ်
ကျွမ်းကျင်သူများကမူ ထိုလုပ်ဆောင်ချက်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပါတီ စည်းကမ်းတင်းကျပ်မှုများ၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။
“အရက်သောက်တဲ့ ယဉ်ကျေးမှုဟာ ပြည်သူ့ဝန်ထမ်းတွေကြားမှာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အဖြေကို ရှာမတွေ့တာကြောင့် အုပ်စုဖွဲ့ စားသောက်တဲ့ လူဦးရေကိုပဲ ကန့်သတ် လိုက်တာ ဖြစ်နိုင်ပါတယ်” ဟု စင်္ကာပူ အမျိုးသားတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ အဲဖရက် ဝူ(Alfred Wu) က ပြောကြားခဲ့သည်။
ဧပြီလက ဂုဏ်ပြုညစာ စားပွဲများတွင် အရက် အလွန်အကျွံ သောက်မှုကြောင့် ကေဒါ ၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ၃ ခုသည် လူသိထင်ရှား ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ စည်းကမ်းတင်းကျပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံကိုတွေ့ရစဉ်
ဟူနန် (Hunan)၊ အန်ဟွေ့ (Anhui) နှင့် ဟီနန် (Henan) ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ထိုသေဆုံးမှုများနှင့် ပတ်သက်ပြီး ဒါဇင်နှင့်ချီသော အရာရှိများ အပြစ်ပေးခံခဲ့ရသည်။
စီချွမ် (Sichuan) ပြည်နယ်မှ အရာရှိတစ်ဦးဖြစ်သည့် လျူ (Luo) အမည်ရှိ အမျိုးသားက ၎င်းတို့၏ ဌာနမှူးသည် စားသောက်ဆိုင်များတွင် သွားရောက် စားသောက်မှုကို ပိတ်ပင်ကြောင်း မေလအစောပိုင်းက ကြေညာခဲ့သည်ဟု ဆိုသည်။
“ဒီကာလမှ အပြင်မှာ ထွက်စားတာက သင်တို့အတွက် မကောင်းပါဘူး။ ဒါက ceng ceng jia ma(ချန်ချန်ကျား မား) ရဲ့ ဂယက် ရိုက်ခတ်မှု ဖြစ်ပါတယ်” ဟူ လျူက ပြောကြားခဲ့သည်။
ceng ceng jia ma ဆိုသည့် စကားလုံးသည် တရုတ်၏ မန်ဒရင်းဘာသာ စကားအရ ထိန်းချုပ်မှု အလွှာပေါ်ကို နောက်ထပ်တစ်လွှာ ထပ်ပြီး ဖုံးအုပ်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။
Source: South China Morning Post