CNI International News

တိုကျို၊ ဇူလိုင် ၁

ဂျပန်နိုင်ငံတွင် လုပ်သားအင်အား ရှားပါးမှုက ဂျပန်၏ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို လျော့ကျ စေနိုင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားစေခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် လုပ်သားအင်အား အလုံအလောက် ရရှိရန် ပိုမိုခက်ခဲလာပြီး အထူးသဖြင့် ဆောက်လုပ်ရေးပိုင်းတွင် အတွေ့အကြုံရှိသည့် လုပ်သားများ နည်းပါးနေကြောင်း လေ့လာတွေ့ရှိရသည်။

အခြားလုပ်ငန်းများတွင်လည်း အလုပ်ရှင်များသည် အချိန်ပြည့် ဝန်ထမ်းများ ရှားပါးနေပြီး ကုမ္ပဏီ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဝန်ထမ်းအင်အား မလုံလောက်ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ထိုအခြေအနေသည် COVID-19 ကပ်ရောဂါ ကာလနောက်ပိုင်း အဆိုးရွားဆုံး လုပ်သားအင်အား ပြတ်လပ်မှု ဖြစ်နေသည်။

ဂျပန်ဆောက်လုပ်ရေး လုပ်သားများကိုတွေ့ရစဉ်

ဂျပန်ဗဟိုဘဏ်ကလည်း လုပ်သားအင်အား ပြတ်လပ်မှုသည် စီးပွားရေး လှုပ်ရှားမှုများကို အကန့်အသတ် ဖြစ်စေခဲ့ပြီး လုပ်ခလစာနှင့် ကုန်ဈေးနှုန်းများအပေါ် ဖိအားများ ပိုမိုသက်ရောက် လာစေခဲ့သည်ဟု အသိအမှတ် ပြုခဲ့သည်။

ဆောက်လုပ်ရေးကဏ္ဍတွင် ၁၉၉၇ ခုနှစ်က လုပ်သားအင်အား ၆ ဒသမ ၈၅ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် လုပ်သား အင်အား ၄ ဒသမ ၈၄ သန်းအထိ လျော့ကျခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထိုကဲ့သို့ လုပ်သားအင်အား ရှားပါးမှုကြောင့် အိုဆာကာ (Osaka) မြို့ရှိ Expo 2025 ဆောက်လုပ်ရေး ကုန်စည်ပြပွဲ အပါအဝင် အကြီးစား ဆောက်လုပ်ရေး စီမံကိန်းများကို ထိခိုက်စေခဲ့သည်။

လုပ်သားအင်အား ရှားပါးမှုသည် အိမ်ဈေးကွက်ကိုလည်း ထိခိုက်စေခဲ့ပြီး နေအိမ်များ ဆောက်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၁ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ၌ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းမှုနှင့် သက်ကြီးပိုင်း လူဦးရေ များပြားမှုတို့နှင့်အတူ ဂျပန်သည် ၂၀၆၀ ပြည့် နှစ်၌ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံကို ဆုံးရှုံးနိုင်သဖြင့် လုပ်သားဈေးကွက်ကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

ထိုကဲ့သို့ လုပ်သားအင်အား ရှားပါးမှုပြဿနာကို ဖြေရှင်းသည့် အနေဖြင့် ဂျပန်သည် ပြည်ပနိုင်ငံများမှ လုပ်သား ခေါ်ယူမှုများကို ပိုမိုမြှင့်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ ဂျပန်တွင် ပြည်ပလုပ်သားပေါင်း ၂ ဒဿမ ၃ သန်းအထိ ရှိလာခဲ့သည်။ 

သို့သော် ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်သည် လုပ်သားအင်အား ၁၁ သန်းအထိ ဆက်လက် လိုအပ်နေလိမ့်မည်ဟု လည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia