CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများ သည် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

မေလ ၁၈ ရက်နေ့မှ စတင်၍ စစ်တွေမှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီး စစ်တွေ - ရန်ကုန်နှင့် စစ်တွေ - မန္တလေးသို့ ပြေးဆွဲနေပြီဖြစ်သည်ဟု စစ်တွေမြို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ဦးချမ်းအေးက CNI သတင်းဌာနသို့ ပြောသည်။

“ခရီးသည်တင်ယာဉ်လိုင်းတွေ အကုန်လုံး ပြေးဆွဲနေပါပြီ ၂ ရက် ရှိပါပြီ။ အကုန်လုံးပြေးဆွဲနေပါပြီ မန္တလေးရော၊ ရန်ကုန်ရော။ ခရီးသည်တွေအားလုံး အကုန်လုံး များတာပေါ့နော်။ ပိတ်နေတဲ့သူတွေ အိတ်တွေနဲ့ အကုန်လုံး ပြန်ကြတာပေါ့။ ရန်ကုန်ကနေ စစ်တွေကို လာတာလည်း ရှိတယ်” ဟု ပြောသည်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များသည်လည်း ပြန်လည်ပြေးဆွဲရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲသည့် အမြန်ရေယာဉ်

လက်ရှိတွင် ဆိပ်ကမ်းများနှင့် ဂိုဒေါင်များကို ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ မေလ ၂၂ ရက်နေ့ တနင်္လာနေ့တွင် ရေယာဉ်အစီးရေ ၉ စီးခန့်ဖြင့် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်ဟု ရွှေပြည်တန် ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့မှာကျတော့ လူဝင်လမ်း၊ ထွက်လမ်းတွေမှာ အပင်တွေ လဲနေတာတွေ ကျနော်တို့ သန့်ရှင်းရေး လုပ်နေတယ်။ ပြီးရင် ကျနော်တို့က ဂိုဒေါင်တွေ ပြိုထားတာ ရှိတယ်။ ပြီးရင် ဆိပ်ကမ်းမှာလည်း အမိုးတွေ ပါသွားတာရှိတယ်။ အဲဒါတွေကို လုပ်နေပါတယ်။ တနင်္လာနေ့ စဆွဲမယ်လို့ လုပ်ထားပါတယ်။ ရေယာဉ်အစီးရေ ကတော့ ကျနော်တို့ ၈ စီး၊ ၉ စီးလောက် ဆွဲပါမယ်။ ကျနော်တို့က ဒီဘက်မှာ စစ်တွေကနေ ရသေ့တောင် - ဘူးသီးတောင် ရှိတယ်။ စစ်တွေကနေ မြောက်ဦးရှိတယ်။ စစ်တွေကနေ ပေါက်တော - မင်းပြားရှိတယ်။ ပြီးရင် စစ်တွေကနေ ကျောက်ဖြူ - ရမ်းဗြဲ - ကျောက်တော် - တောင်ကုတ်။ ပြီးရင် တောင်ကုတ်ကနေဆိုရင် တောင်ကုတ် - မာန်အောင် - တောင်ကုတ်ပေါ့” ဟု ပြောသည်။

အဝေးပြေးယာဉ်လိုင်းများနှင့် အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သော်လည်း ယာဉ်စီးခနှုန်းထား များ ကောက်ခံရာတွင် ဈေးနှုန်းတိုးမြှင့်ကောက်ခံခြင်းမရှိဘဲ မုန်တိုင်းဝင်ရောက်မှု မတိုင်ခင်ကာလ၏ နှုန်းထား အတိုင်းသာ ကောက်ခံနေကြောင်း သိရသည်။

လတ်တလောတွင် စစ်တွေမြို့၌ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သော်လည်း စက်သုံးဆီအမျိုးအစား စုံလင်စွာ မရသေးကြောင်း၊ ဒီဇယ်ဆီအမျိုးအစားများလည်း မရရှိသေးကြောင်း၊ သို့သော်လည်း ခရီးသည်တင် အမြန်ရေယာဉ်လိုင်းများသည် မုန်တိုင်းကာလမတိုင်ခင်တွင် ဝယ်ယူထားသည့် စက်သုံးဆီများ ရှိသေးသည့်အတွက် ယင်းစက်သုံးဆီများဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။