CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

စားသောက်ဆိုင်များတွင် ဖြစ်သင့်သည့် စျေးနှုန်းထက် အဆမတန် စျေးပိုတောင်းခြင်း၊ ဝန်ဆောင်မှုနှင့် ရောချပြီး မလိုအပ်သည့် ကျသင့်ငွေများကို ပိုမိုတောင်းခံခြင်းများရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အထောက်အထားလေး ရှိရင်တော့ တိုင်လို့ရတာပေါ့ ဘောက်ချာ မရှိဘူး၊ အထောက်အထား မရှိရင်တော့ မရပါဘူး။ တိုင်ကြားလို့ရှိရင်တော့ ကျမတို့က သွားပြီးတော့ လုပ်ပေးလို့ရတယ်။ သက်ဆိုင် ရာ မြို့နယ်အလိုက်ပဲ တိုင်ရမှာပါ” ဟု ပြောသည်။

စားသောက်ဆိုင်အချို့သည် ၎င်းတို့ဝန်ထမ်းများ၏ ဝန်ဆောင်မှုအတွက်ဟု ခေါင်းစဉ်တပ်၍ စားသုံးသူ များထံကနေ စားသောက်မှု ကျသင့်ငွေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျသင့်ငွေ တောင်းခံလွှာများတွင် ကောက်ခံနေကြောင်း၊ အချို့ဆိုင်များကတော့ ဝန်ဆောင်ခ မကောက်တော့ဘဲ အစားအသောက်ကို စျေးတင်ရောင်းနေခြင်းများ ရှိနေကြောင်း သိရသည်။

စားသုံးသူများကို ကြိုတင် အသိပေးထားခြင်း မရှိဘဲ ဆိုင်၏ ဝန်ဆောင်မှုအတွက် ကောက်ခံခြင်းများကို ကျေနပ်မှု မရှိပါက ငွေလက်ငင်း ဖြတ်ပိုင်းနှင့်တကွ တိုင်ကြားနိုင်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်းက ဘီယာဆိုင်များကို တွေ့ရစဉ်

အချို့စားသောက်ဆိုင်များမှာလည်း ထိုင်ခုံနေရာဖိုး၊ ပန်းကန်ဖိုးဟု အမည်တပ်ကာ ငွေကျပ် ၅၀၀၀ အထိ တောင်းနေကြသဖြင့် စားသုံးသူများအတွက် များစွာထိခိုက် နစ်နာရ‌ကြောင်း နစ်နာခဲ့သော စားသုံးသူ အချို့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ရင်ဖွင့်ရေးသားထားကြသည်ကို တွေ့ရသည်။

ထိုကဲ့သို့သော ဆိုင်များကို စားသုံးသူ ကာကွယ်ရေး ဥပ‌ဒေပုဒ်မ ၁၉ အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်ဖြစ်သည့် ပြင်းပြင်းထန်ထန် သတိပေးခြင်း၊ နစ်နာကြေး ပေးစေခြင်းများအပြင် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

သို့သော်လည်း ဝန်ဆောင်မှု ကောင်းကောင်းနှင့် ဝန်ထမ်းအင်အား အများဖြင့် လည်ပတ်နေရသည့် စားသောက်ဆိုင်များ အနေဖြင့် ဆိုင်ခန်းငှားရမ်းခအပြင် ယစ်မျိုးခွန်၊ စည်ပင်ခွန်၊ လူမှုဖူလုံရေးခွန်များနှင့် တကွ လုပ်ငန်းသုံး မီတာခဖြင့် ပေးဆောင်နေရသည်များရှိကြောင်း၊ ထို့ကြောင့် စားသုံးသူများက နား လည် ပေးသင့်ကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မြတ်မိုးက ပြောသည်။

စားသောက်ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “စားသောက်ဆိုင်ရဲ့ standard ပေါ့ ၊ သူ့ standard နဲ့ အညီဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ဆိုရင် ဒီ service charges တွေက ပစ္စည်းသုံးစွဲထားတဲ့ အနေအထားတွေ အခြေအနေအရ မတူနိုင်ဘူး။

နောက် သူ့ရဲ့ quality နဲ့ ပတ်သက်လို့ရှိရင်လည်း ထည့်တဲ့ portion ရယ် ဟင်းအနည်းအများရယ် သူ့ရဲ့ quality ရယ် သူသုံးထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးပေါ်မှာ မူတည်ပြီးတော့ စျေးကွာခြားနိုင်တယ်။ ဒါပေ မယ့် မတန်ဘဲနဲ့ တန်ဖိုးမြှင့်ပြီး ယူနေတဲ့ ဆိုင်တွေကျတော့ ဒါကတော့ သူ့ရဲ့ ရပ်တည်မှုပေါ့။ သူ့ရဲ့ လုပ် ဆောင်ချက်ဖြစ်တော့ ဒါကလည်း စားသုံးသူတွေကပဲ ဆုံးဖြတ်သွားမှာ။ ဘာဖြစ်လို့လဲဆို စားသောက် ဆိုင်ဆိုတာက စားသုံးသူမရှိရင် ရပ်တည်လို့ မရဘူးလေ “ ဟု ပြောသည်။

ရန်ကုန်မြို့တွင်းရှိ တချို့သော စားသောက်ဆိုင်များသည် ရေသန့်ဗူး တစ်ဗူးကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချ နေသလို တချို့ဆိုင်များကတော့ ၁၀၀၀ သို့မဟုတ် ၁၅၀၀ ကျပ်ဖြင့် ရောင်းလျက်ရှိနေသည်။