CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၂

မလေးရှားမှ မြန်မာလုပ်သားများကို ခေါ်ယူရန် အလုပ်ခေါ်စာအသစ် ဈေးကွက်သည် ဩဂုတ်လတွင် ပြန်ကောင်းလာရန် ခန့်မှန်းနေကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံဘက်မှ အလုပ်ခေါ်စာအသစ်များ ခေါ်ယူခြင်းအား ယာယီပိတ်ထားသည့်အတွက် မြန်မာဘက်တွင် လက်ကျန် Demand အဟောင်းများကိုသာ ပို့ဆောင်နေခြင်းဖြစ်သောကြောင့် ဩဂုတ်လတွင် အလုပ်ခေါ်စာအသစ် ခေါ်ယူခြင်းများ ပြန်ရှိလာနိုင်ရန် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ခန့်မှန်းနေကြ ခြင်းဖြစ်သည်။

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ဒီ သုံးသပ်ချက်ဆိုတာက မလေးရှားအစိုးရကလည်း အသစ်ဆိုတော့ ဝန်ကြီးချုပ်ရဲ့ပြောင်းလဲမှုအပေါ်မှာ အောက်ကဝန်ကြီးတွေကလည်း လိုက်ပြောင်းရတာ။ မလေးရှား အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့အတွက် သူတို့ Stop လုပ်လိုက်တာ။ ခေါ်ယူမှုတွေကို ခဏရပ်ဆိုင်းတာ Demand ပေးတဲ့ဟာကို။ သူတို့နိုင်ငံက လူပေါင်းစုံ ခေါ်တာ နိုင်ငံပေါင်းစုံ။ အခုလောလောဆယ်က ဘယ်နိုင်ငံတွေ ပိတ်လို့ ဘယ်နိုင်ငံတွေ ဖွင့်ထားလဲတော့ အတိ အကျမပြောနိုင်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်ကတော့ နှစ်လ သူတို့ ဆိုင်းငံ့ထားတယ်။ Demand မထွက်ဘူး KDN (အလုပ်ခေါ်စာအသစ်) မထုတ်ပေးဘူး။ ခေါ်လည်း ခေါ်မှာပါ အတင်းကြီး မကြပ်ပါဘူး။ အခု လုပ်နေတာ အားလုံးက လက်ကျန်တွေချည်းပဲ။ သူတို့အားလုံး နှစ်လစောင့်ခိုင်းထားတယ်။ နှစ်လစောင့်ပြီးတော့မှ အသစ်တွေခေါ်လာလို့ရှိရင် အလုပ်ပြန်လုပ်။ လောလောဆယ်ကတော့ ဘာအလုပ်မှ မရှိဘူး။ အဲဒီအပေါ်မှာမှ ပွဲစားတွေက လျှောက်ပြီး ကြော်ငြာတွေဆက်ပြော လိမ်ညာမှုတွေက ဆက်လုပ်တုန်းပဲ။ ဗမာကုမ္ပဏီအရင်းတွေမှာ ဘာ Demand မှ မရှိတော့ဘူး။ ပုံမှန်ကတော့ များတယ်။ ရာနဲ့ချီပြီးတော့သာမခေါ်တာ ဖွင့်ပြီဟေ့ဆိုရင် ထွက်လာမှာ အများကြီးပဲ။ ဘယ်လောက် အတိုင်းအတာအထိ ထွက်မလဲဆိုတာတော့ အန်ကယ်တို့လည်း ခန့်မှန်းလို့မရသလို ဒါကလည်း ထွက်ကိုထွက်မှာဖြစ်တဲ့အတွက် သိပ်စိတ်ပူစရာတော့ မရှိဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံဘက်မှ ယခုကဲ့သို့ မြန်မာနိုင်ငံသားများအား အလုပ်ခေါ်စာအသစ် ခေါ်ယူမှု ရပ်နားခြင်းသည် ကိုဗစ် မတိုင်ခင်ကာလများတွင် မရှိခဲ့ကြောင်းနှင့် အလုပ်ခေါ်စာအသစ်များအား ဩဂုတ်လခန့်တွင် ခေါ်နိုင်သည်ဟု ခန့်မှန်းနေကြသော်လည်း အတိအကျမဟုတ်ဘဲ မလေးရှားအစိုးရအပေါ်တွင်သာ မူတည်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ လုပ်ငန်းခွင်တစ်ခုမှ ရွှေ့ပြောင်းလုပ်သားတစ်ဦး(ဓါတ်ပုံ-Getty Images)

လက်ရှိတွင် မလေးရှားနိုင်ငံသည် စီးပွားရေကောင်းမွန်သည့်အနေအထား မဟုတ်သည့်အပြင် စက်ရုံ၊ အလုပ်ရုံ များ၌ အလုပ်အကိုင်ရှားပါးပြီး မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်သည် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး တို့တွင်လည်း အလုပ်ခေါ်ယူမှု အများအပြားမတွေ့ရကြောင်း ၎င်းကပြောသည်။

MOEAF မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က “KDN (အလုပ်ခေါ်စာအသစ်) ပိတ်လိုက်တယ်တို့ နောက်ကျ တယ်တို့မှ မရှိတာ။ KDN (အလုပ်ခေါ်စာအသစ်) က အမြဲတမ်းထွက်နေတာ။ အခုမှ အခုနောက်ပိုင်းတွေမှ နည်း နည်းဆိုးသွားတာ။ အလုပ်လည်း ရှားပုံရတယ် မလေးရှားမှာလေ။ ဒါပေမယ့် ဟိုးအရင်တုန်းကလည်း မလေးရှားမှာ Furniture တို့ ဘာတို့ဆိုရင် ၈ လ အလုပ်ကောင်းတယ်။ ၄ လ အလုပ်နည်းနည်းပါးတယ်။ ဒါမျိုး ရာသီခွင်လေး တွေ ရှိတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ထုတ်ပေးလည်း ဗမာ ပါချင်မှ ပါမှာလေ။ သူများနိုင်ငံရဲ့ ဟိုဟာဆိုတော့ ပြောရခက်တယ်လေ။ သူတို့စီးပွားရေးအပေါ်မူတည်တာပေါ့။ ဒါကြီးက သွားပြီး ကိုယ်ခန့်မှန်း တယ်ဆိုတာက ဘယ်အချိန်ကျရင် အလုပ်ပေါ်မယ်၊ ဘယ်အချိန်ကျရင် အလုပ်ကောင်းမယ်ဆိုတာက အရင်တုန်း ကတော့ ရကောင်းရနိုင်တယ် ဟိုးလွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က။ အခုက အဲဒီလိုခန့်မှန်းလို့ မရတော့ဘူး။ သူ့နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ရှိသေးတာကို။ သူတို့အစိုးရရဲ့ ပေါ်လစီပေါ့ သူတို့နဲ့ အလုပ်ရှင်တွေနဲ့ သူတို့ပေါ်လစီပေါ့။ မလိုအပ်သေးလို့ ဖွင့်မပေးသေးတာလည်းဖြစ်မယ်။ ဒါမှမဟုတ် ဒီဖြင့်ကိစ္စ အကြောင်းကြောင်းကြောင့် လောလော ဆယ် ချမပေးတာလည်း ဖြစ်မယ်” ဟု ပြောသည်။

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားအများစုသည် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများထက် စက်ရုံ၊ အလုပ်ရုံများတွင်သာ အဓိကအများဆုံး လုပ်ကိုင်လိုကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် မလေးရှားဘက်မှ အလုပ်ခေါ်စာအသစ်နှင့် Demandများ မရှိသည့်အတွက် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများအနေဖြင့် အလုပ်ရရှိမည်ဆိုသည့် ပွဲစားများ၏ အလိမ်အညာများအား မယုံကြည်ကြရန်နှင့် လိုင်စင်ရအေဂျင်စီများဖြင့်သာ သွားရောက်လုပ်ကိုင်ကြရန် ပြည်ပအလုပ်အကိုင် အေဂျင်စီ များက အကြံပြုသည်။