CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၂

မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ကုန်စည်ရှားပါးမှုကြောင့် လာမည့် မိုးတွင်းကာလတွင် ပုံမှန်လည်ပတ်မှုထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

မိုးတွင်းကာလတွင် ကုန်စည်ရရှိမှု နည်းပါးခြင်းနှင့် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆ ဘီးနှင့် အထက် ယာဉ်များ သွားလာ၍ မရခြင်းကြောင့် လုပ်ငန်းများ ကျဆင်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မိုးတွင်းကာလက ၆ လပိုင်း ကနေပြီးတော့ ၉ လပိုင်းလောက်အထိက ပါးတယ်။ ၁၀ နဲ့ ၁၅ ကြားတော့ ပါးပါးပေါ့။ ဧရာဝတီတိုင်းကလည်း မိုးတွင်းကာလဆို ၁၂ ဘီး သွားလို့မရဘူး။ ၆ ဘီးပဲ သွားလို့ရတယ်။ အဲဒါ ကြောင့်မို့လို့ ပါးပါးလှပ်လှပ်လေးပဲ သူ့ဟာသူ ခါတိုင်းနှစ်လိုပါပဲ သွားမှာပါပဲ။ နောက်ပြီးတော့ ကျောင်းဖွင့်ရာသီ ဖြစ်တဲ့အတွက်ကြောင့် မိသားစုတွေက ကျောင်းတက်နိုင်ရေးပဲ လုပ်နေကြတော့ ကုန်နည်းနည်းလေး ပါးသွားမှာ ပေါ့” ဟု ပြောသည်။

လက်ရှိတွင် အဝေးပြေး ကုန်စည်ပို့ဆောင်ရာတွင် ကုန်တင်ကား ငှားရမ်းခများသည် ပုံမှန်အချိန်များထက် ဈေးနှုန်း မြင့်မားနေကြောင်း၊ နယ်စပ်သို့ သွားရောက် ကုန်စည်ပို့ဆောင်သည့် ကုန်တင်ကားများ များပြားနေသည်ဟု အဝေး ပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

 

အဝေးပြေး ကုန်စည်ပို့ဆောင်ရေးကားများကိုတွေ့ရစဉ်

မိုးတွင်းကာလတွင် နှစ်စဉ် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ ကျဆင်းသော်လည်း ယခုနှစ်တွင် နယ်စပ် လမ်း ကြောင်းသို့ ကုန်စည်ပို့ဆောင်မှု များပြားနေသည့်အတွက် ယခုနှစ်၌ ကုန်တင်ယာဉ်ထွက်ရှိမှု များနိုင်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက ကားခနှုန်းတွေက မြင့်နေတယ်။ ကားခနှုန်းတွေ တက်နေတယ် အရင်နှစ်တွေနဲ့ မတူဘူး။ အခုက ကားတွေအကုန် ကားတွေက ရှားနေတာ။ ထွက်တဲ့ကားတွေက တာချီလိတ်တွေ၊ ကျိုင်းတုံတွေ၊ မြဝတီတွေ နယ်စပ်လမ်းကြောင်းတွေ သွားနေတော့ သာမန်လမ်းကြောင်းတွေပေါ်မှာ ကားကို ပျောက်နေတာ။ ပျောက်နေ တော့ အရင်တုန်းက မိုးတွင်းဆို ကားရှားတာ မှန်တယ်။ ထွက်ရှိမှုနည်းတာ မှန်တယ်။ သို့သော်လည်းပဲ ဒီနှစ်ရဲ့ ပေါ်လစီက နယ်စပ်တွေ အားကောင်းနေပြီးတော့ ခုနကပြောတဲ့ ထွက်ရှိမှုတွေက မနည်းနိုင်ဘူးပေါ့နော်။ ပြီးတော့ အစိုးရရဲ့ ပေါ်လစီပေါ် မူတည်နေတာ။ နယ်စပ်ဒေသတွေ ဖွင့်ထားမယ်ဆိုရင် နယ်စပ်တွေ သွားနေတဲ့ ကားတွေ များနေတဲ့ အတွက်ကြောင့် သာမန်လမ်းတွေပေါ်မှာ တအားကြီး ကားတွေ ရပ်ထားတဲ့ အနေအထားတွေ မရှိဘူး။ သွားနေရမယ့် အနေအထားတွေ ရှိတယ်” ဟု ပြောသည်။
ပုံမှန်ကာလတွင် အနယ်နယ် အရပ်ရပ်သို့ တစ်လလျှင် အခေါက်ရေ ၄ ခေါက်ခန့် ပြေးဆွဲ၍ ရသော်လည်း မိုးတွင်း ကာလတွင် ကုန်စည်ရှားပါးလေ့ရှိသဖြင့် အခေါက်ရေများ လျော့ကျလေ့ရှိကြောင်း၊ တစ်လလျှင် ၃ ခေါက်ခန့်မျှသာ ရရှိသည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းများထံမှ သိရသည်။

အဝေးပြေး ကုန်စည်ပို့ဆောင်ရေးကားများကိုတွေ့ရစဉ်

အဝေးပြေး ကုန်စည်ပို့ဆောင်ရေး တွဲကားယာဉ်များသည် ရန်ကုန်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင် ယာဉ်ရပ်နားစခန်း တွင် အခြေစိုက်ပြီး စားဖိုဆောင်သီးနှံ၊ ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နှင့် အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို မြန်မာနိုင်ငံအနှံ့သို့ ပို့ဆောင်ပေးလျက်ရှိသည်။