CNI News

၂၀၂၂ ခုနှစ်၊ မေ ၂

စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ညနေ ၆ နာရီနောက်ပိုင်း ဖြတ်သန်း သွားလာခွင့် မပြုသောကြောင့် ရန်ကုန်-စစ်တွေ၊ မန္တလေး-စစ်တွေ စသဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းများ အခက်အခဲဖြစ်ပေါ်နေကြောင်း စစ်တွေရှိ ကေသီဦး ကုန်စည်ပို့ဆောင်ရေးမှ မန်နေဂျာ ဦးမောင်ဝင်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာခွင့်ပြုသည်ဟု သတ်မှတ်ခဲ့သော်လည်း လက်ရှိ နယ်မြေအေးချမ်းနေသည့်တိုင် ထိုကန့်သတ်ချက်ကို ဖြေလျှော့ပေးထားခြင်း မရှိသည့်အတွက်လည်း ဒေသခံများ အခက်အခဲဖြစ်နေကြောင်း စစ်တွေဒေသခံများက ပြောသည်။

အဆိုပါ ကန့်သတ်ချက်ကြောင့် စစ်တွေသို့ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးရုံတက်ရောက် ကုသမည့် အရေးပေါ် လူနာများ အတွက်လည်း အခက်အခဲများရှိကြောင်း သိရသည်။

ဦးမောင်ဝင်းရွှေက “မအေးချမ်းတဲ့ အချိန်တုန်းက လုပ်ခဲ့တဲ့ကိစ္စက ရှိနေတုန်းပဲ။ ကျနော်တို့လည်း လမ်းမှာ အဲဒီအတွက် ခရီး သည်တွေရော၊ ကုန်စည်တွေရော အခက်အခဲတွေ အများကြီး ရှိတာပေါ့။ အများကြီးပဲ အခက်အခဲကတော့။ တကယ်လို့ ၆ နာရီ မြောက်ဦး၊ ကျောက်တော်တို့ ဖြတ်လို့မရဘူးဆို အဲဒီမှာ ညအိပ်ရတာပဲ။ ဆေးရုံသွားတက်တာတို့ ဘာတို့ဆိုရင် စစ်တွေ မြို့အဝင် ဂိတ်က လူနာတို့ ဘာတို့ ပါလာလို့ရှိရင် သူတို့ကို ပြောဆိုပြီးတော့ သွားလို့ရတာပေါ့။ တကယ်လို့ အဆင်မပြေဘူး ဆိုရင် ၈ နာရီလောက်အထိက သူတို့ ခွင့်ပြုတယ်။ တကယ်လို့ လူနာတွေ ဘာတွေ ပါလို့ရှိရင်၊ လူနာတင်ကားတွေ ပါတာတောင်မှ သူတို့က ၈ နာရီနောက်ပိုင်းဆို ပိတ်ထားတယ်။ လုံးဝ သွားလို့ မရဘူး” ဟု ပြောသည်။

ရန်ကုန်/စစ်တွေ ကားလမ်း(Ko Maung Wine)

ထို့ပြင် အမ်းမြို့စစ်ဆေးရေးဂိတ်တွင်လည်း ဆန်၊ ဆီ၊ ဆား စသည့် မီးဖိုချောင်သုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ် ဆောက်ပစ္စည်းများနှင့် ဆိုင်ကယ် စသည့် ကုန်စည်များကို နယ်လုံဝန်ကြီး၏ လက်မှတ်ပါရှိမှသာ တင်ဆောင် ဖြတ်သန်းခွင့် ပြုကြောင်း ဒေသခံများက ပြောသည်။

ဦးမောင်ဝင်းရွှေက “ဖြေလျှော့သင့်ပြီလို့ ထင်ပါတယ်။ အခု ကျနော်တို့ ရခိုင်ပြည်က သူတို့ရဲ့ သဘောတူညီမှုနဲ့ အပစ်အခတ် လည်း ရပ်ထားတဲ့ ကာလလည်း ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ကို အနည်းဆုံး လုံခြုံရေးအရ လုပ်မယ်ဆိုတာတောင်မှ အနည်းဆုံး ည ၉ နာရီလောက်အထိပေါ့နော်၊ ဖွင့်ပေးသင့်ပြီလို့ ထင်တယ်။ ဒါပေမယ့် အမြဲတမ်း ၂၄ နာရီ မဟုတ်တောင်မှ မနက် ၅၊ ည ၉ နာရီလောက်အထိ ခွင့်ပြုသင့်တယ်။ အဲဒါမှ ကျနော်တို့ သွားရလာရ၊ လုပ်ရကိုင်ရ အဆင်ပြေမှာ။ အခုက အခက်အခဲတွေ အများကြီး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် လမ်းကြောင်းပြ မြေပုံ

လက်ရှိ ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊မရှိနှင့် မည်သို့ ဆက်လက် လုပ်ဆောင်ရန် ရှိ ကြောင်းကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို CNI မှ ဆက်သွယ် သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ သွားသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၁၅ ခု နီးပါးရှိ ကြောင်း၊ ထိုစစ်ဆေးရေးဂိတ်များသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ အမ်း၊ မြေပုံ၊ မင်းပြားနှင့် မြောက်ဦး မြို့နယ် များတွင် တည်ရှိသည်။