CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀

နိုင်ငံကူးလက်မှတ် PV မှ PJ သို့ ပြောင်းလဲလုပ်ဆောင်၍ အလုပ်သွားရောက် လုပ်ကိုင်မည်ဆိုပါက ပြည်ပသို့ အလွယ်တကူ ထွက်ခွာခွင့်ပြုနိုင်လားဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက မေးခွန်းထုတ်နေကြသည်။

အခြားနိုင်ငံတွင် PV ဖြင့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများဖြစ်ပါက တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေး၍ မရသည့် အတွက်ကြောင့် အလုပ်အတွက် သွားရောက်မည်ဆိုပါက PV အစား PJ သို့ ပြောင်းလဲလုပ်ဆောင်ပြီးမှ သွားကြရန် အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံပိုင်မီဒီယာများမှတဆင့် အသိပေးမှုများ ပိုမိုပြုလုပ်လာသည်။

မိသားစုစားဝတ်နေရေး အပါအဝင် အခြားသော ကိစ္စများကြောင့် ပြည်ပထွက် အလုပ်လုပ်မည့် လူများကို နည်းမျိုးစုံဖြင့် အဘယ်ကြောင့် လိုက်လံထိန်းချုပ်နေရသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ မူအတိုင်း လိုက်လုပ်မည်ဆိုပါက အလွယ်တကူ ထွက်ခွာခွင့်ပေးမည်လားဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “PV ကနေ PJ ပြောင်းပြီး အလုပ်သွားလုပ်မယ်ပေါ့။ အဲဒီသူတွေအတွက်ကို ဘယ်လောက် မြန်မြန်နဲ့ PJ ပြောင်း ပေးမလဲ၊ OWIC ကဒ် ဘယ်လောက်ပေးမလဲ။ ခက်တာက အိမ်မှာ စီးပွားရေး အဆင်မပြေလို့ အပြင်ထွက် အလုပ်လုပ်တာကို အိမ်တံခါးပိတ်ထားရင်တော့ ဒီလူတွေက ငတ်ဖို့ပဲရှိတယ်။ ဒီဟာကို လိုက်လုပ်တယ် ဆိုရင် တော့ သူတို့ဘက်က လွယ်လွယ်ကူကူ ပေးမှာလား။ ကိုယ့်နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ နိုင်ငံခြား ထွက်တဲ့ ပြည်သူတွေအပေါ် PJ ရမှ OWIC ကဒ်ရမှ ပေးထွက်ပြီးတော့ လုပ်ခိုင်းတယ်ဆိုတာက။ PV တွေနဲ့ နိုင်ငံခြားကို လွှတ်ပြီးတော့ ပြန်မလာဘဲ အလုပ်လုပ်နေကြတဲ့သူတွေလည်း အများကြီးပဲ သူတို့ဘယ်လိုပဲတားမြစ် တားမြစ် ရှိနေသေးတာဖြစ်တဲ့အတွက် အဲဒီသူတွေကိုရော သူတို့က ဘယ်လိုပုံစံနဲ့ လွှတ်နေတာလဲဆိုတာ” ဟု ပြောသည်။

ရန်ကုန်လေဆိပ် အတွင်းကို တွေ့ရစဉ်

နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်ပြီး ပြည်ပထွက် အလုပ်လုပ်မည့် လူများအပေါ်တွင်လည်း အသက်အရွယ် ကန့်သတ်ချက်ဖြင့် စေလွှတ်ခွင့်ပြုနေမှုကြောင့် နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပထွက် အလုပ်လုပ်ရန် ပြင်ဆင် နေကြခြင်းဖြစ်သည်။

ထိုအခြေအနေများ ဖြစ်ပေါ်ပြီးနောက် PJ မှ PV သို့ ပြောင်းလဲခြင်းများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ကန့်သတ်ပိတ်ပင်လိုက်သည်။

PJ သမားများအပေါ် အသက်ကန့်သတ်ချက်ဖြင့်သာ စေလွှတ်ခွင့်ပြုနေခြင်းသည် လက်ရှိအချိန်အထိ ရှိပြီး PV သမားများမှ PJ ပြောင်း၍ ပြည်ပထွက် အလုပ်လုပ်မည်ဆိုပါက ၎င်းကန့်သတ်ချက်ကို ဖြေလျှော့ပေးမည်လားဟု မေးခွန်းထုတ်နေကြသည်။

PV နှင့် ပြည်ပထွက်သူများ အားလုံးသည် အလုပ်လုပ်ကိုင်ရန်အတွက် မဟုတ်ကြကြောင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်လေဆိပ် အတွင်းကို တွေ့ရစဉ်

၎င်းက “ရတဲ့နည်းနဲ့ ထွက်လာတဲ့ လူတွေကြတော့ ဥပမာ PJ နဲ့ထွက်ဖို့ဆိုရင် OWIC ကဒ်ရှိရမယ်၊ ဒီဘက်မှာ အလုပ် ရှိရမယ်။ MOU စနစ်နဲ့ပဲ သွားလို့ရတဲ့ အနေအထားမျိုးဆိုတော့ အဲဒီဟာကို ပြည့်စုံအောင်လို့ အထောက် အထားတွေ အကုန်လုံးပြည့်စုံအောင် ဘယ်လိုသွားလုပ်မလဲ အချိန်မှ မရှိတာ။ အဲဒီတော့ PV နဲ့ထွက်လာ၊ PV နဲ့ကလည်း အလုပ်လုပ်ဖို့ လာတယ်လို့တော့ မဟုတ်ပါဘူး။ အဓိကကတော့ ဘယ်ပဲဖြစ်ဖြစ် သူတို့က အရင်ထွက် လိုက်တယ်။ ရောက်တဲ့အခါကြတော့ အလုပ်ရရင် လုပ်လိုက်မယ်၊ မရရင် မလုပ်ဘူး” ဟု ပြောသည်။

လက်ရှိတွင် လူမှုကွန်ရက်မီဒီယာ၌ PV ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပါက လေဆိပ်တွင် ပြန်လွှတ်ခံရကြောင်း၊ ထောက်ခံချက်ပေးမည့်သူရှိမှ ထွက်ခွာခွင့်ရမည့်အကြောင်း စသဖြင့် အမျိုးမျိုး ပြန့်နှံ့နေမှုအပေါ် လူဝင်မှုကြီးကြပ် ရေးမှ တာဝန်ရှိသူတစ်ဦးအား ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် လူများအပေါ် အစိုးရဌာနဆိုင်ရာများမှ နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ် နေခြင်းသည် နိုင်ငံတော်အတွက်လည်း အခွန်ဝင်ငွေ ရရှိမှုအပေါ် နစ်နာစေကြောင်း၊ လူထု၏ စားဝတ်နေရေး အပေါ်လည်း ထိခိုက်စေကြောင်း သုံးသပ်မှုများရှိသည်။

ထို့ကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်မည့် လူများအပေါ် ကန့်သတ် ထိန်းချုပ်နေမှုများအား ဖြေလျှော့ပေးသင့် ကြောင်းလည်း ထောက်ပြကြသည်။