CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ထိုင်းအာဏာပိုင်များသည် တရားမဝင် ရွှေ့ပြောင်းများ အသစ်ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် လူသစ် အမည်စာရင်း တင်သွင်းခြင်းအား ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ ၃၀ ရက်နေ့အထိ ၁၅ ရက်သာ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

တရားမဝင် ရောက်လာသူများ၊ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ် ကိုင်နေသူများအတွက် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ အမည်စာရင်း တင်သွင်းခြင်းကို ၁၅ ရက်တာ ကာလသာ ခွင့်ပြုပေးထားခြင်းဖြစ်သည်။

လူသစ်အမည်စာရင်း တင်သွင်းခြင်းအား အချိန်ကာလ ၂ လ၊ ၃ လခန့်အထိ ခွင့်ပြုပေးလိုက်ပါက တရားမဝင် လမ်းကြောင်းမှ အများအပြား ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ၁၅ ရက်သာ ခွင့်ပြု ပေးလိုက်ခြင်းဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်း ဌာနသို့ ပြောသည်။

တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံရစဉ်

၎င်းက “လွန်ခဲ့တဲ့ တစ်ပတ်လောက်က အလုပ်သမား ရှာဖွေရေးဌာနနဲ့ ကျနော်တို့ အစည်းအဝေး လုပ်ကြတယ်။ သူတို့မှာလည်း သူတို့နိုင်ငံရဲ့ လုံခြုံရေးအရ ပြန်စဉ်းစားမယ်ပေါ့။ ဘာလို့လဲဆို ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတဲ့ စာရွက်စာတမ်း သေနေတဲ့ အုပ်စုတွေ၊ အထောက်အထားမရှိတဲ့ အုပ်စုတွေကို ထိုင်းနိုင်ငံအစိုးရက ၁၂ လပိုင်း ၁၆ ရက်ကနေ ၃၀ ရက်နေ့အထိ နာမည်စာရင်းတင်သွင်းတဲ့ process ကို လုပ်ဆောင်နေတယ်ပေါ့။ အချိန်က ၁၅ ရက် ပဲ ရှိတယ်။ ၁၅ ရက်ကို ဘာကြောင့် သတ်မှတ်တာလဲဆိုရင် အဲဒီဟာကို ၂ လ ၃ လလောက် သတ်မှတ်လိုက် မယ်ဆိုရင် ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေက အများကြီး ဝင်ရောက်လာနိုင်တယ်။ နောက်ပြီးတော့ နိုင်ငံလုံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ ဒါကြောင့် အချိန်တိုအတွင်းမှာ လုပ်ပေးတဲ့ process ဖြစ် တယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က ထိုင်းနိုင်ငံအတွင်းမှာပဲ နေထိုင်တဲ့ သူတွေအတွက်သာဖြစ်တယ်”ဟု ပြောသည်။

ထို့အပြင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်လျှောက်ထားတာသည် ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်ပြီး လျှောက်ထား သည့်ကာလမှာ အမည်စာရင်း တင်သွင်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ ဖြစ်သည်။

အမည်စာရင်း တင်သွင်းခြင်း အချိန်ကာလမှာ အင်မတန်တိုတောင်းပြီး ဥပဒေမှ သတ်မှတ်ထားသော ကုန်ကျ စရိတ်မှာ ဘတ် ၃၀၀၀ ဝန်းကျင်သာ ကျသင့်ကြောင်း၊ သို့သော် ပွဲစားများဖြင့် ပြုလုပ်ရသောကြောင့် ဘတ် တစ်သောင်း ဝန်းကျင်အထိ ပေးရကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက “ဒီနှစ်မှာ တစ်ခုထူးခြားတာက ထိုင်းနိုင်ငံကနေ တရားဝင်  ခွင့်ပြုထားတဲ့ အေဂျင်စီတွေကိုပဲ ခွင့်ပြုမယ်လို့။ တစ်ယောက်စ နှစ်ယောက်စ လုပ်စားနေတဲ့ ပွဲစားတွေအတွက် တော့ ခက်ခဲနိုင်တယ်။ သို့သော်လည်း အေဂျင်စီကတဆင့် တစ်ယောက်စ၊ နှစ်ယောက်စ၊ ၁၀ ယောက်စ ခန့်ထား တဲ့ ဟာတွေက အဆမတန် တောင်းနိုင်တယ်ပေါ့။ အလုပ်သမားတွေ အနေနဲ့လည်း အေဂျင်စီကို တိုက်ရိုက် ဆက်သွယ်ဖို့က ခက်ခဲတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က လုပ်ငန်း process က ထိုင်းနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင် အများစု ကလည်း ပွဲစားတွေကို အားကိုးရတယ်။ အေဂျင်စီတွေကို အားကိုးရတယ်။ အလုပ်သမားတွေလည်း ဒီအတိုင်းပါပဲ။ အေဂျင်စီတွေကတော့ ဘယ် process ပဲလာလာ သူတို့အတွက်က အခွင့်အရေးရှိနေမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်နှင့် စမွတ်စခွန်ခရိုင်ထဲတွင် မြန်မာနိုင်ငံသား ၃၀၀ နီးပါး အဖမ်းခံ ခဲ့ရကြောင်း ထိုင်းအာဏာပိုင်များမှ သတင်းထုတ်ပြန်ထားသည်။

ဒေသခံများ၏ တိုင်ကြားချက်အရ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာမှာ ထိုသို့ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းတို့မှာ အထောက်အထားမဲ့နှင့် အထောက်အထား မပြည့်စုံသူများဖြစ်ကြောင်း သိရသည်။