CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍ အပါအဝင် စက်မှုလုပ်ငန်း ထွန်းကားလာရန်အတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိအချိန်ထိ အောင်မြင်မှု မရှိသေးခြင်းက ဘာကြောင့်လဲဟု မေးခွန်း ထုတ်မှုများရှိလာသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းတွင် စက်မှုထွန်းကားရန် အဓိကဦးစားပေး လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသူများက ထောက်ပြကြသည်။
လယ်ယာလုပ်ငန်းတွင် စက်မှုထွန်းကား လာစေရန်အတွက် လုပ်ဆောင်ရာတွင်လည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများက တောင်သူများနှင့် တိုက်ရိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့နောက် စီးပွားရေးလုပ်ငန်း ရှင်များကို အသုံးပြု၍ တောင်သူများ တိုးတက်လာစေရန် အရင်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း မအူပင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စက်မှုနိုင်ငံ တည်ထောင်ဖို့ဆိုတာက ပထမဆုံးလုပ်ရမှာက လယ်ယာကို အခြေခံတဲ့ စက်မှုဖြစ်အောင် အရင်လုပ်ရမှာ။ ဆိုလိုတဲ့သဘောက လယ်ယာစီးပွားကို အခြေခံဖို့က သူတို့ မလုပ်တတ်ဘူး၊ မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူးလို့ပဲ ပြောရမှာ။ လယ်ယာလုပ်ငန်း ထွန်းကားဖို့ဆိုတာက သီအိုရီနဲ့မရဘူး။ လက်တွေ့နဲ့ တစ်ခါတည်း တောင်သူကို အခြေခံပြီးတော့ ဗဟိုပြုပြီးတော့ ဆောင်ရွက်ရမယ်။ ခေတ်မှီတိုးတက်တိုင်း တောင်သူမပါလို့ မရ ဘူး။ ပြည်သူပါဖို့ လိုတယ်။ အဲဒီတော့ တောင်သူလယ်သမားတွေကို စည်းရုံးပြီးတော့ လမ်းကြောင်းအမှန်ကို ဆောင်ရွက်ဖို့ဆိုတာ ဝန်ကြီးဌာနက လုပ်တဲ့ဟာက ကြားထဲမှာ ခရိုနီ ကြားခံပြီးတော့ အလုပ်လုပ်တာ တွေ့ရ တယ်။ တောင်သူကို တိုက်ရိုက် သူတို့ ကိုင်တွယ်မှု မရှိဘူး။ တောင်သူ တိုက်ရိုက်ကြတော့ အလုပ်ရှုပ်တာပေါ့။ အဲဒီ တော့ စက်မှုနိုင်ငံကို အခုလုပ်နေတဲ့ အနေအထားမှာလည်း ခေတ်မှီတဲ့ပစ္စည်းတွေ လုပ်တယ်ဆိုတာကလည်း တစ်ပွဲတိုးပဲ လုပ်နေတယ်လို့ တွက်တယ်။ အရေးကြီးတာက အခြေခံခိုင်ဖို့ လိုတယ်။ အဲဒီအခြေခံသည် လယ်ယာ လုပ်ငန်းကို အခြေခံတဲ့ စက်မှုနိုင်ငံ ထွန်းကားဖို့။ စီးပွားရေး လုပ်ငန်းရှင်ကိုလည်း ပစ်ပယ်ထားလို့ မရဘူး။ သူ့ လက်ထဲမှာ စီးပွားရေး ရှိတယ်လေ။ အစိုးရရယ်၊ တောင်သူလယ်သမားရယ်၊ လုပ်ငန်းရှင်ရယ် ပေါင်းရမှာ။ ဘယ်သူ့ကို အဓိက ဦးစားပေးပြီး ပေါင်းဖို့လိုတုန်းဆိုရင် တောင်သူလယ်သမားဘဝ မြင့်အောင် ပေါင်းရမှာ” ဟု ပြောသည်။
တောင်သူ တစ်ဦးကို တွေ့ရစဉ်
နစကသည် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်မည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ဒုဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အပါအဝင် ဝန်ကြီး အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စပါးစိုက်ပျိုးရေးသာ စက်မှုစနစ် ထွန်ကားနေပြီး ပြည်ပသို့ တင်ပို့နေသည့် ပဲ၊ ပြောင်း စသည့် သီးနှံများ စိုက်ပျိုးရာမှာတော့ စက်မှုလိုအပ်ချက် ရှိနေသေးကြောင်း သိရသည်။
ပဲနှင့် ပြောင်း စိုက်ပျိုးရာတွင် စက်အသုံးပြု၍ လုပ်ဆောင်ကြသော်လည်း အလေအလွင့်များ ရှိနေသည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းထားစဉ်
၎င်းက “စပါးရိတ်တာ၊ သိမ်းတာ၊ စိုက်တာ၊ ပျိုးတာ စက်နဲ့ပဲ လုပ်နေကြတယ်လေ။ ဒါပေမယ့် ပဲတောင်သူတွေ အတွက် ပဲကိုတော့ စက်နဲ့ ရိတ်လို့ မရသေးဘူး။ ပဲရိတ်နိုင်တဲ့စက်၊ ခဲမပါအောင် ရိတ်နိုင်တဲ့စက်၊ နောက်တခါ ကျတော့ အလေအလွင့်နည်းအောင်၊ အခုက ပဲရိတ်တဲ့စက်တော့ ပေါ်ပါတယ်၊ ဖန်တီးကြတယ်၊ ဒါပေမယ့် အောက်မှာ လေလွင့်မှုကလေ ၅ ပုံ ၁ ပုံလောက် လေလွင့်နေတော့ အဲဒါကျတော့ တောင်သူအဖို့ မကိုက်ဘူးလေ။ အဲဒါတစ်ခုပဲ ကျန်ပါတယ်။ ဒါပေမယ့် လယ်ယာလုပ်ငန်းနဲ့ ပတ်သက်လို့ စက်မှုအခြေအနေ တစ်ရပ်က စပါးက ရိတ်သိမ်းတဲ့အတွက် တော်တော်အားကိုးရပါပြီ။ ပြောင်းနဲ့ ပတ်သက်ရင်တော့ ပြောင်းကလည်းပဲ ပြောင်းရိတ်စက် တော့ ပေါ်တယ်။ သို့ပေမယ့်လည်း အဖူးကို ချိုးပြီးတော့ အဖူးကျမှ နေလှန်းပြီးတော့ ခြွေတဲ့ ဥစ္စာက အဖူးကို တိုက်ရိုက် အပင်ကို တိုက်ရိုက်ခြွေလှေ့ အဲဒီအခြေအနေက အခုအဖူးချိုးပြီးတော့ ခြွေတာလောက် အလေအလွင့် မနည်းဘူး၊ သူက အလေအလွင့် ရှိတဲ့အတွက် အဲဒါလေးတစ်ခုတော့ လိုတယ်” ဟု ပြောသည်။
တောင်သူများလိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ ဝယ်ယူရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရ မှ ချေးငွေများ ထုတ်ပေးသော်လည်း လက်လှမ်းမမှီသည့် တောင်သူ အများအပြား ရှိနေ၍ ထိရောက်မှု နည်းပါး သည်ဟု သိရသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ချေးငွေ ထုတ်ချေးပေးရာတွင် တောင်သူများနှင့် တိုက်ရိုက် ဆောင်ရွက်ရန် တောင်သူများက လိုလားနေကြသည်။