CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ပေါ်ဆန်းဆန်အတွက် အသိအမှတ်ပြုလက်မှတ် ရရှိရန် ဆောင်ရွက်နေပြီး တင်ပို့ရောင်းချနိုင်ရေးကို ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ယခင်က ရွှေဘိုပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်တွင် အသိအမှတ်ပြုမှု ရရှိရန်အတွက် ဆောင်ရွက်ခဲ့သည်ဟု လည်း သိရသည်။

နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ပေါ်ဆန်း တင်ပို့ရောင်းချနိုင်မည်ဆိုပါက တောင်သူများအနေဖြင့် ပေါ်ဆန်းကို တိုးချဲ့စိုက်ပျိုးလာမည်ဖြစ်ပြီး ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များကလည်း ဈေးနှိမ်ဝယ်ယူမှု မပြုလုပ်ကြရန် လိုအပ်သည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

ဆန်ဆိုင်ကို တွေ့ရစဉ်

၎င်းက “တကယ်လို့ ဈေးကွက်ကောင်း ရမယ်ဆိုရင် အားပေးပါတယ်။ ပေါ်ဆန်းတို့ ဘာတို့ စိုက်တာကျတော့လေ ဒီလိုနှစ်မျိုးတွေကျ ၁ ဧက ၃၀၊ ၄၀ အဲဒီလောက်ပဲ ထွက်တာလေ။ ဝါးခယ်မတို့၊ မြောင်းမြတို့ဘက်ဆိုရင် ပေါ်ဆန်း မွှေးရဲ့ စပါးပေါက်ဈေးက သိန်း ၃၀ လောက်ပဲရှိတော့ ၁ ဧကကို ၉ သိန်း၊ ၁၀ သိန်းပဲလေ။ အဲဒီတော့ ဘာနဲ့ညာနဲ့ ဆိုရင် တောင်သူတွေမှာ အကျိုးအမြတ် နည်းပါတယ်။ တကယ်လို့ ဈေးကွက်ကောင်း ရမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးကွက်ကောင်း ရအောင်ရှာနိုင်မယ်။ နောက်တခါကျတော့ နိုင်ငံခြားဈေးကွက်နဲ့လည်းပဲ exporter တွေ အနေနဲ့လည်း ဈေးကို မနှိမ်ဘဲနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ အင်နဲ့အားနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဈေးကို လည်း အမြတ်အလွန် မစားဘဲနဲ့ ထိုက်သင့်တဲ့ အမြတ်စားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဝယ်ကြမယ်ဆိုရင် တော့ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ ပေါ်ဆန်းက ဥပမာ ရေဖြူဘက်တို့ ဘာတို့ဆိုရင် ဆောင်းစပါးအဖြစ် နဲ့ ပြန်စိုက်ကြတာ တချို့ အောင်မြင်ကြပါတယ်။ တကယ်လို့များ ပေါ်ဆန်းဈေးကွက်လည်း ကောင်းမယ်၊ ဝယ်လို အားလည်း ရှိမယ်ဆိုရင်တော့ ပေါ်ဆန်းထုတ်လုပ်မှုကို ပိုပြီးတော့ တိုးမြှင့်ပြီး လုပ်လို့ရတာပေါ့” ဟု ပြောသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန်အား ယခင်က ဥရောပနိုင်ငံတချို့က ကြိုက်နှစ်သက်မှု ရှိသည့်အတွက် အရည်အသွေးပိုင်း ဆိုင်ရာကို ထိန်းသိမ်းမှု ပြုလုပ်ရန် လိုအပ်သည်။

ထို့ကြောင့် အရည်အသွေး ပြည့်မှီသည့် ပေါ်ဆန်းဆန်များကို စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် တောင်သူများ အနေဖြင့် ဂရုစိုက်ရန် လိုအပ်သကဲ့သို့ ကုန်သည်များကလည်း ထိန်းသိမ်းဝယ်ယူရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ပေါ်ဆန်း ထိုးဖောက်နိုင်မည်ဟု ဒေးဒရဲမြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်နိုင် က CNI သတင်းဌာနသို့ ပြောသည်။

ဆန်ဆိုင်ကို တွေ့ရစဉ်

၎င်းက “ပေါ်ဆန်း ဝယ်မယ်ဆိုရင် အရည်အသွေး တကယ်ကောင်းတဲ့ သူ့ဒေသရှိတယ်၊ သူ့ဒေသနဲ့သူပဲ။ ဖျာပုံနဲ့ ဒေးဒရဲနဲ့ ဖျာပုံဆန်လို့တောင် နာမည်ကြီးတာ။ ဒါပေမယ့် ဒေးဒရဲနဲ့ ဖျာပုံ နယ်စပ်နားမှာရှိတာ ဒေးဒရဲက ထွက်တာ လေ။ ဒါပေမယ့် အဲဒီဒေသသာ ကောင်းတာ၊ ဒါပေမယ့် ကျန်တဲ့ ဒေးဒရဲက တချို့ဒေသတွေကျတော့ ကောင်း သလားဆိုတော့ မကောင်းပြန်ဘူး။ အဲဒီတော့ အရည်အသွေးမှီ အရည်အသွေးကောင်းတဲ့ ဆန်မျိုး၊ အဲဒီဒေသ ထွက်တဲ့ ဆန်မျိုးကို သေသေချာချာ စီစစ်ပြီးတော့ ဝယ်ပြီးတော့ အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်း ပေးဝယ်ပြီးတော့ တောင်သူတွေ ဂရုစိုက်လာအောင် အဲဒီလို လုပ်ပေးပြီးတော့ နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်နိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ပေါ်ဆန်းဆိုပြီးတော့ ကြိတ်ရင်တော့ တနေ့နေ့ တချိန်ချိန်မှာ နာမည်ပျက်သွားမှာပဲ” ဟု ပြောသည်။

မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာ ဆန်ဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက ပေါ်ဆန်းစပါးများ ဈေးကောင်းရသော် လည်း ပြည်တွင်း စားသုံးသူများအတွက် ဈေးနှုန်း မြင့်တက်သွားနိုင်ခြင်းကို ထိန်းနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ ထိန်းရာတွင်လည်း နိုင်ငံတော် အရန်ဆန် ဝယ်ယူရေး ကော်မတီက အရန်ဆန် ဝယ်ယူရာတွင် ပေါ်ဆန်းဆန်ကို လည်း အများအပြား ဝယ်ယူထားပြီး ဈေးကွက်ကို ထိန်းရန်လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။