CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ လုပ်သားများ စေလွှတ်ရာတွင် အခြေခံလုပ်သားများ (General Worker) အစား ကျွမ်းကျင်လုပ်သားများ (Skill Worker) ကိုသာ စေလွှတ်ရန် စီစဉ်နေမှုကို နှုတ်အားဖြင့် ပြောဆို ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့မှ CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့(NSSA) ၏ အသိအမှတ်ပြုလက်မှတ် ရထားပြီးသူများ ကိုသာ ကျွမ်းကျင်လုပ်သားဟု သတ်မှတ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ထိုလက်မှတ် ရထားသူများကိုသာ စေလွှတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

နစကအနေဖြင့် ပြည်တွင်း၌ အလုပ်သမား လိုအပ်ချက်များကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်း အပေါ် ပိုမို တင်းကြပ်လာနိုင်ဖွယ်ရှိပြီး ရေရှည်တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင် ဖွယ်ရှိကြောင်း အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ကြမည့်သူများကိုတွေ့ရစဉ်

၎င်းက “အဲဒါကလည်း နှုတ်နဲ့ပြောထားတာပဲ ရှိသေးတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ ဘာမှ ညွှန်ကြား ချက် မထွက်သေးဘူး။ အဲဒီဟာက General Worker က တဖြေးဖြေးနဲ့ skill worker အဖြစ် ပြောင်းဖို့အတွက်ပါ။ နေရာတိုင်း skill worker မှ မသုံးတာ။ သင်တန်းပေးရမယ့်သဘောပဲ။ အုတ်စီရင် အုတ်စီတဲ့ သင်တန်းရှိလိမ့်မယ်။ ပန်းရံသမားဆို ပန်းရံသင်တန်းရှိမယ်။ ဒါမျိုးသင်တန်းတွေ ဖွင့်ဖို့အတွက် အားပေးတာ။ အကုန်လုံးက skill worker  မဖြစ်ဘူးလေ။ သွားတဲ့ကလေးတွေထဲ စက်ရုံကြ ဘယ်လိုသွားလုပ်လို့ရမလဲ။ ဘယ်လို training သွားပေးမလဲ။ အဲဒီဟာက General Worker က သူ့ဘာသာသူ အဲဒီဟာက General Worker ရှိလိမ့်မယ်။ အဲဒီ skill worker ဖြစ်ဖို့အတွက် အလုပ်သမားမရှိဘူးလေ။ ဘယ်သင်တန်းကျောင်း ဘယ်သူ လာတက်လည်းပဲ နံပါတ်တစ် ကြည့်ဦး။ အခုခေါ်စာတစ်စောင်တောင်မှ အချိန် ဒီလောက်အကြာကြီး လူစုရတယ်။ သိပ်ပြီး အောင်မြင်ဖို့တော့ မမျှော်လင့် ဘူး။ ဖြစ်တော့ဖြစ်လာလိမ့်မယ် နောက်တော့မှ တဖြေးဖြေးချင်း။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အုပ်ချုပ်နေ တဲ့ အစိုးရသည် ပြည်တွင်း အလုပ်သမားဈေးကွက်မှာ လိုအပ်ချက်တွေ များလာတယ်။ အဲဒီအတွက် နိုင်ငံခြားပို့တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေ့မဟုတ် တစ်နေ့မှာ ရပ်ဆိုင်းမှာပဲ။ အဲဒါကြောင့် အခုတစ်ခုပြီးတစ်ခု ဆင့်ကဲဆင့်ကဲ စည်းကမ်းတွေ ထွက်ထွက်လာတာ” ဟု ပြောသည်။

ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်နေရာတွင် ကျွမ်းကျင်လုပ်သားများကို ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား နိုင်ငံများသို့ စေလွှတ်နေကြခြင်းဖြစ်ပြီး အခြေခံလုပ်သားများမှာမူ အိမ်နီးချင်းနိုင်ငံများသို့ အဓိက အများဆုံး သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများမှလည်း လုပ်သားများ ခေါ်ယူရာတွင် ကျွမ်းကျင်လုပ်သားနှင့် အလုပ်သင် လုပ်သားဟူ၍ ခွဲခြား ခေါ်ယူသည့် နိုင်ငံမျိုးရှိသလို သတ်မှတ်ချက်မရှိဘဲ အခြေခံလုပ်သားများသာ ခေါ်ယူသည့် နိုင်ငံများလည်း ရှိသည်။

အလုပ်သမားဦးစီးဌာနကိုတွေ့ရစဉ်

ထိုသို့ ခွဲခြားသတ်မှတ်ပြီး လုပ်ဆောင်မည်ဆိုပါက အများအားဖြင့် အဆင်ပြေနိုင်မှာ မဟုတ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံလည်း ပြန်ကြည့်ရမှာပေါ့။ လက်ခံတဲ့ နိုင်ငံတွေကရော ကျွမ်းကျင်တဲ့ လုပ်သားတွေကိုပဲ ခေါ်မှာလား။ General Worker ပဲပြောပြော ကျွမ်းကျင်လုပ်သားပဲပြောပြော သူတို့ သတ်မှတ် ထားတဲ့ စံနှုန်းလိုတယ်။ ထိုင်းနိုင်ငံဆိုရင် ကျွမ်းကျင်တဲ့ လုပ်သားတွေကို တကယ်ရော ခေါ်ပါ့မလား။ ဒီမှာအများစု ကတော့ ထိုင်းနိုင်ငံမှာလာတဲ့ ရွှေ့ပြောင်း အများစုကတော့ အန္တရာယ်ရှိတဲ့အလုပ်၊ ကြမ်းတမ်းတဲ့ အလုပ်၊ ညစ်ပတ် တဲ့ အလုပ်တွေကိုပဲ အဓိက လုပ်နေရတဲ့ဟာဖြစ်တယ်။ ဒါကြောင့်မို့လို့ General Worker ပဲ ပြောပြော၊ ကျွမ်းကျင် လုပ်သားလို့ပဲပြောပြော တခါတလေတော့ လက်ခံတဲ့နိုင်ငံက ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ အများစုက ပြန်ကြည့်ရင် တော့ ၉၉ ရာခိုင်နှုန်း အဆင်မပြေနိုင်ဘူးပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင် အလုပ်သမား စေလွှတ်နိုင်သည့် လိုင်စင်ရအေဂျင်စီ ၅၀၀ ကျော်ရှိပြီး အများစု သည် လုပ်သားများအား ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယားနှင့် ဂျပန်တို့ကို စေလွှတ်လျက်ရှိသည်။

လက်ရှိတွင် ဌာနဆိုင်ရာမှ ကန့်သတ်ထားသည့် အချက်များကြောင့် လုပ်သားစေလွှတ်ရေးမှာ များစွာသော အခက်အခဲများဖြင့် အေဂျင်စီများသာမက လုပ်သားများပါ ရင်ဆိုင်ကြုံတွေ့နေရသည်။