CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ကြက်သွန်သိုလှောင်ရုံများတွင် ကြက်သွန်လက်ကျန် နည်းနေသည့်အတွက် အသစ်ထွက်ရှိလာသည့် မိုးကြက်သွန် များသည် ဈေးကောင်းရနေကြောင်း ကြက်သွန်ကုန်သည်များနှင့် တောင်သူများထံမှ သိရသည်။
မြင်းခြံနှင့် ပခုက္ကူမြို့ရှိ သိုလှောင်ရုံများတွင် ကြက်သွန်လက်ကျန်သည် ပိဿာချိန် သိန်းဂဏန်းခန့်သာ ကျန်ရှိ တော့ကြောင်း ကြက်သွန်ကုန်သည်များက ပြောသည်။
ထို့ကြောင့် အသစ်ပေါ်သည့် မိုးကြက်သွန်များသည် ဈေးကောင်းရနေပြီး ယခုလကုန်အထိ ဆက်လက် မြင့်တက် နိုင်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်သွန်ကုန်သည် ကိုဝင်းဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးကတော့ တက်တယ်။ အဟောင်းလက်ကျန်လည်း သူ့ဟာနဲ့သူ ထိုက်သင့်သလောက်တော့ ရှိပါတယ် လေ။ ပုံမှန်တော့ ပြောလို့မရဘူး။ အဟောင်းလက်ကျန်နည်းလို့ မိုးကြက်သွန်က နောက် အသစ်ပေါ်တဲ့အချိန်ထိ ကောင်းတဲ့ သဘောပေါ့။ အဟောင်းလက်ကျန် များနေမယ်ဆိုရင် အသစ်ဈေးက မကောင်းနိုင်ဘူးလေ။ ဒီရက်ပိုင်း တွေတော့ အသစ်တွေက ၁၀၀ တက်၊ ၂၀၀ တက် တောက်လျှောက် တက်နေတာပေါ့” ဟု ပြောသည်။
ကြက်သွန်များကို တွေ့ရစဉ်
လက်ရှိတွင် ပြည်တွင်း ကြက်သွန်ဈေးကွက်အတွင်း ဝယ်လက်အစုံမှ ဝယ်လိုအား ကောင်းနေခြင်းကြောင့် နယ်ဒေသအပြင် ရန်ကုန်ဈေးကွက်တွင်လည်း ကြက်သွန်ဈေး မြင့်တက်လျက် ရှိနေသည်။
ပြည်ပဝယ်လိုအားကောင်းသည့် အရည်အသွေး ပြည့်မှီသော ကြက်သွန်အနေဖြင့် ဈေးကောင်း ပိုရပြီး ပြည်တွင်း သုံး အရည်အသွေးရှိသည့် ကြက်သွန်နှင့် အညံ့စား ကြက်သွန်များသည်လည်း အရောင်းအဝယ်ကောင်းပြီး ဈေးမြင့်တက်လျက်ရှိသည်။
နယ်ဒေသတွင် ကြက်သွန် တစ်ပိဿာလျှင် ၃၀၀၀ ကျပ် အထက်တွင်ရှိနေပြီး ရန်ကုန်၌ တစ်ပိဿာ ၄၅၀၀ ကျပ် ရှိသည်။
အသစ်ထွက်သည့် မိုးကြက်သွန်များ ဈေးကောင်းသည့်အတွက် ယခုနှစ်တွင် ကြက်သွန်စိုက်တောင်သူများ အကျိုး အမြတ်ရှိသည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးဇော်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
ကြက်သွန်များကို တွေ့ရစဉ်
၎င်းက “ရှေ့နားက ပေါ်တဲ့သူတွေကတော့ သူ့ဟာနဲ့သူ အကျိုးအမြတ် မဆိုးဘူးလို့ ပြောပါတယ်။ ဈေးလေး ရလိုက် တော့လေ။ ဈေးက မဆိုးတော့ ၃ ပုံပုံ ၁ ပုံလောက်တော့ မြတ်မှာပေါ့။ ၁၀၀ ရင်းရင်တော့ ၄၀ လောက်၊ ၅၀ လောက် အဲဒီလောက် မြတ်တာပေါ့။ မိုးကြက်သွန်ကလည်း ဒီလကုန်လောက်ဆိုရင်ကို ဈေးက ကျတော့မှာပါ။ အခုရက်ပိုင်းလေးကျတော့ မိုးရွာထားတော့ အနာဝင်တာနဲ့ စောစိုက်တဲ့သူ ဖော်တာနဲ့ ဖော်တဲ့သူ နည်းသေးတာ ပေါ့နော်။ များလာရင် ဒီထက် ပြန်ကျမှာပါ။ နောက်တစ်ခါကျတော့လည်း မြစ်သားက ရေနစ်ထားတော့ မဖော်နိုင် ဘူးလေ အဲဒါ အဓိကပေါ့” ဟု ပြောသည်။
ပုံမှန်နှစ်များတွင် မိုးကြက်သွန် အသစ်ပေါ်ချိန်၌ ကြက်သွန်ဈေးနှုန်းများ ကျဆင်းလေ့ရှိကြောင်း၊ သို့သော်လည်း ယခုနှစ်မှာ ကြက်သွန် အများဆုံး ထွက်ရှိရာ ဒေသဖြစ်သည့် မြစ်သားမြို့တွင် စိုက်ပျိုးထားသော ကြက်သွန်များ ရေနစ်မြှုပ်ခြင်းနှင့် ပြည်တွင်း ကြက်သွန်လက်ကျန် နည်းပါးခြင်းကြောင့် ဈေးကောင်းရနေခြင်း ဖြစ်သည်။