CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

အခြေခံရည်ညွှန်းစပါးဈေးကို စိုက်ပျိုးစရိတ်ထက် အမြတ်အစွန်းရှိသည့် ဈေးနှုန်းသတ်မှတ်ပေးရန်လိုအပ်ကြောင်း တောင်သူများက ပြောသည်။

မိုးစပါးနှင့် နွေစပါးအတွက် အခြေခံ ရည်ညွှန်းစပါးဈေးကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က စပါးတင်း ၁၀၀ လျှင် ၉၅၀,၀၀၀ ကျပ် သတ်မှတ်လိုက်သည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ထွန်ယက်ခ၊ အလုပ်သမား ငှားရမ်းခ၊ မျိုးစပါး၊ ရိတ်သိမ်းခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ ရှိနေပြီး လက်ရှိ ရည်ညွှန်းဈေးသည် တောင်သူများအတွက် အကျိုးမရှိကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ(ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

စပါးခြွေနေစဉ်

၎င်းက “အခြေခံရည်ညွှန်းဈေးဆိုသည်မှာ guarantee  foundation market ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်း အမြတ်အစွန်းရှိတဲ့ဈေးကို guarantee foundation market လို့ ခေါ်တယ်။ ဥပမာ မိုးစပါးမှာ စပါး ၇၀ ထွက်မယ်၊ ၈၀ ထွက်မယ်၊ ၇၀ ထွက်မယ်၊ ၆၀ ထွက်တဲ့သူရှိတယ်။ အခု ပိုးတွေလည်း ကျ တော့။ ပျမ်းမျှ ဒီနှစ်ရဲ့ စပါးအထွက်က ၇၀ လို့ပဲ မှန်းလို့ရတယ်။ အခု သူတို့သတ်မှတ်တဲ့ ၉ သိန်းခွဲ ဈေးနဲ့ဆိုရင် ၁ ဧကမှာ သူရလာမယ့်ငွေက ၇ သိန်းဝန်းကျင်ပဲ ရှိမှာ။ ၁ ဧကမှာ ကုန်ကျစရိတ်က ၇ သိန်းကနေ ၁၀ သိန်းအထိ ကုန်တယ်။ ၇ သိန်းလို့ ကုန်တဲ့လယ်က အနည်းဆုံး ကုန်ကျငွေပဲ။ အနည်းဆုံး ကုန်ကျငွေကို ၃၀ ရာခိုင်နှုန်း အမြတ် နဲ့ တွက်ရင်တောင် ဒီစပါးဈေးက ၁၃ သိန်းလောက် သတ်မှတ်ရမှာ” ဟု ပြောသည်။

လက်ရှိတွင် ပြင်ပဈေးကွက်၌ စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းကျပ်အထိ ဖြစ်ပေါ်နေပြီး ယခု သတ်မှတ် ထားသည့် စပါးရည်ညွှန်းဈေးသည် ပြင်ပဈေးကွက်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၇ သိန်းခွဲခန့် ကွာဟလျက် ရှိနေ သည်။

ပြီးခဲ့သည့် နှစ်များတွင် စပါးလှိုင်လှိုင်ပေါ်ချိန်၌ ရည်ညွှန်းဈေးအပေါ် တွက်ချက်၍ စပါးဝယ်ယူမှုများ ရှိခဲ့ပြီး တောင်သူများ နစ်နာဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

 စပါးရိတ်နေစဉ်

ထို့ကြောင့် စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ စပါးရည်ညွှန်းဈေး သတ်မှတ်ရာ၌ ပြင်ပ ဈေးကွက်ထက် ထက်ဝက်ခန့် နိမ့်ကျသည့် ဈေးနှုန်း မဖြစ်သင့်ကြောင်း၊ သဘာဝကျကျ လုပ်ဆောင်ရန် လိုအပ် သည်ဟု တောင်သူ ဦးကြည်လွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက ဈေးနှိမ်ဝယ်လို့လည်း မရဘူး။ မရဘူးဆိုတာက စပါးကလည်း နှစ်တိုင်းလို မပေါသီဘူးလေ။ အခု မိုးစပါးက အခုပေါ်တဲ့ ရာသီစပါးက နှစ်တိုင်းစပါးရဲ့ တစ်ဝက်လောက်သာ ရှိတော့တာ။ သူတို့ နှိမ်လို့လည်း မရဘူး။ ဟိုနှစ်တွေမှာ စပါးတွေထွက်တော့ ဥပမာ ရည်ညွှန်းဈေးက ၆ သိန်းဈေး သတ်မှတ်တယ်။ စပါးဈေးက ဝယ်တဲ့သူ နည်းလို့ ကျနေတဲ့အချိန်ပဲ။ တကယ့်တကယ် ဈေးကျတော့ အဲဒီ ၆ သိန်းဈေးတောင် ဘယ်သူမှ မဝယ်ဘူး။ ဝယ်မယ့်သူ မရှိဘူး။ အဲဒီလိုမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ တစ်ခါတရံမှာ သူ့ဟာသူ ဝယ်ချင်ဝယ် မဝယ်ချင် နေပါ။ ဝယ်တဲ့သူရှိမှလည်း ရောင်းလို့ရမှာ။ သို့သော်လည်းပဲ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိတဲ့ ဦးဆောင်အဖွဲ့ ခေါ်တာပေါ့။ ဥပဒေအရဆိုရင် ဦးဆောင်အဖွဲ့လို့ ခေါ်တယ်။ ဦးဆောင်အဖွဲ့အနေနဲ့ အမိန့်ကြော်ငြာစာ ထုတ်တဲ့ နေရာမှာ ရိုးရှင်းဖို့ လိုအပ်တယ်၊ သဘာဝကျဖို့ လိုအပ်တယ်” ဟု ပြောသည်။

ယခု သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးအတွက် ဖြစ်ကြောင်း၊ လက်ရှိတွင် မိုးစပါးများ စတင်ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းအထိ ဝယ်ယူလျက် ရှိနေသည်။