CNI International News

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၅

ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကားများအပေါ် အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့် တော့မည်ဖြစ်သဖြင့် တရုတ်ထံမှ တန်ပြန်ကုန်သွယ်ရေး ကန့်သတ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း SCMP မှ ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် ယခုလကုန်ပိုင်းမှစပြီး တရုတ်လျှပ်စစ်ကားများအပေါ် အခွန်ကောက်ခံမှုကို ၃၅ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်က ထိုအစီအစဉ်ကို ဒေါသတကြီး ကန့်ကွက်ခဲ့သည်။

ထိုပြဿနာကို ဖြေရှင်းရန် ဥရောပသမဂ္ဂနှင့် တရုတ်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာမရခဲ့ကြောင်း ထိုဆွေးနွေးညှိနှိုင်းမှုများနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းရေးအရာရှိများသည် သဘောတူညီမှု တစ်စုံတစ်ရာ မရခဲ့ဘဲ အောက်တိုဘာ ၁၂ ရက်တွင် ဘေကျင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ နှစ်ဖက်စလုံး၏ တောင်းဆိုမှုများသည် လက်ခံနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ခြင်းမရှိကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။

တရုတ်ကမူ ဥရောပသမဂ္ဂသို့ တင်သွင်းသည့် ပြည်ပ ကားကုမ္ပဏီ အားလုံးအတွက် တူညီသည့် အခွန်နှုန်းထား ကောက်ခံစေရန် ဆန္ဒရှိခဲ့သော်လည်း ဥရောပကော်မရှင်ကမူ ပုဂ္ဂလိက ကားကုမ္ပဏီများအနေဖြင့် ဥရောပသမဂ္ဂ နှင့် သဘောတူညီချက်များရရှိရန် ကိုယ်တိုင် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ထုတ် လျှပ်စစ်ကားကိုတွေ့ရစဉ်

တရုတ်ကမူ ဥရောပသမဂ္ဂအနေဖြင့် တရုတ်ကိုသာ သီးသန့်အခွန်တိုးမြှင့်ပြီး အခြားကုမ္ပဏီများကို အခွန်နှုန်းတိုး မြှင့်ခြင်းမပြုပါက ဘက်လိုက်မှု ဖြစ်လာလိမ့်မည်ဖြစ်ပြီး အပြန်အလှန်ယုံကြည်မှုကို ထိခိုက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် အောက်တိုဘာ ၄ ရက်က တရုတ်လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထောက်ခံခဲ့ကြပြီး တရုတ်အစိုးရကမူ ကုန်သွယ်ရေးအရ အရေးယူမှုများ တန်ပြန် ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထိုအရေးယူမှုများထဲတွင် အင်ဂျင်ပါဝါကြီးသည့် ကားများတင်သွင်းမှုအပေါ် တရုတ်က တန်ပြန် အခွန်တိုးမြှင့် ကောက်ခံပါက ဂျာမနီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ကို ထိခိုက်စေမည်ဖြစ်သည်။

ထို့ကြောင့် ဂျာမနီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က တရုတ်လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် ဥရောပသမဂ္ဂ၏ အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် တရုတ်လျှပ်စစ်ကားများ ပြည်ပသို့ အများအပြား တင်ပို့နေမှုအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က စိုးရိမ်ခဲ့ကြသည်။

စျေးပေါသည့် တရုတ်လျှပ်စစ်ကားများ စျေးကွက်အတွင်း ဝင်ရောက်လာပါက ပြည်တွင်း ကားကုမ္ပဏီများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။

Source: SCMP