CNI International News

ကရာချီ၊ ဩဂုတ် ၁၉

တရုတ်၏ လျှပ်စစ်ကားထုတ်လုပ်သည့် BYD ကားကုမ္ပဏီက ပါကစ္စတန်တွင် ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် BYD ကားကုမ္ပဏီက Mega Motors ကုမ္ပဏီနှင့်လက်တွဲကာ ကားမော်ဒယ် ၃ မျိုး ရောင်းချသွားမည် ဖြစ်ကြောင်း ဩဂုတ် ၁၇ ရက်က ကြေညာခဲ့သည်။

BYD သည် လျှပ်စစ်ကားများ အားသွင်းသည့် ရုံများမရှိသည့် ပါကစ္စတန်၏ စျေးကွက်တွင် ပထမဆုံးဝင်ရောက် လာသော အကြီးစား လျှပ်စစ်ကားကုမ္ပဏီ ဖြစ်သည်။

"ပါကစ္စတန်စျေးကွက်ထဲကို ဝင်ရောက်တာဟာ ဖောက်သည်တွေအတွက် အဆင့်မြင့် ကားအသစ်တွေ ထုတ်လုပ် ပေးဖို့ တစ်ခုတည်း မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီး နည်းပညာဆိုင်ရာ ဆန်းသစ် တီထွင်မှုကို ပိုမိုတိုးချဲ့ဖို့လည်း ဖြစ်ပါတယ်" ဟု BYD ၏ အာရှ-ပစိဖိတ်ရေးရာ မန်နေဂျာချုပ် လျူရှေးလျန် (Liu Xueliang) က ပြောကြားခဲ့သည်။

BYD သည် ကရာချီ (Karachi)၊ လာဟိုး (Lahore) နှင့် အစ္စလာမ်မာဘက် (Islamabad) မြို့များတွင်လည်း မော်တော်ယာဉ်နှင့်ပတ်သက်သည့် စတိုးဆိုင်များနှင့် စင်တာများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လာဟိုးမြို့တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

BYD လျှပ်စစ်ကားကိုတွေ့ရစဉ်

ထို့ပြင် ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ် ကာလတွင် SUV မော်ဒယ်နှင့် ဆီဒင် ကားအမျိုးအစားများကိုလည်း ရောင်းချသွားမည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

BYD နှင့် လက်တွဲလုပ်ဆောင်မည့် Mega Motors ကုမ္ပဏီသည် ပါကစ္စတန်၏ အကြီးဆုံး ပုဂ္ဂလိက လူသုံးကုန် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Hub Power ကုမ္ပဏီလိမိတက်၏ လက်ခွဲဖြစ်သည်။

"BYD ရဲ့ ဆန်းသစ်တဲ့ လျှပ်စစ်အားတွေ ထုတ်လုပ်ဖို့အတွက် ပါကစ္စတန်မှာ ပထမဆုံး လျှပ်စစ်ကားစက်ရုံကို ကျနော်တို့ တည်ဆောက်သွားမှာပါ" ဟု Hub Power ၏ အမှုဆောင်ချုပ် ကမ်ရန် ရာမယ် (Kamran Kamal) က ပြောကြားခဲ့ပြီး ထိုသဘောတူညီချက်သည် အထင်ကရ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သုံးနှုန်းပြောဆိုခဲ့သည်။

ထိုစက်ရုံသစ်ကို ၂၀၂၆ ခုနှစ်တွင် စတင်ပြီး လုပ်ငန်းလည်ပတ်သွားမည်ဟု ကာမယ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Hubco ဟုလည်း လူသိများသည့် Hub Power ကုမ္ပဏီသည် ပါကစ္စတန်၏ အထင်ကရမြို့များတွင် လျှပ်စစ်ကား များကို အားသွင်းသည့်ရုံများကိုလည်း တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ