CNI News 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

ရန်ကုန်မြို့တွင် စက်သုံးဆီ မှောင်ခိုစျေးကွက် များပြားလာပြီး ၁ လီတာလျှင် ကျပ် ၉၀၀၀ အထိ ဖြစ်ပေါ်နေ ကြောင်း ရန်ကုန်မြို့မှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများသည် စားဝတ်နေရေးကြောင့် အခြားသူများကဲ့သို့ စက်သုံးဆီ ရရှိရေးအတွက် အချိန်တစ်ခုပေးပြီး တန်းမစီနိုင်ကြသဖြင့် မှောင်ခိုစျေးကွက်မှ စက်သုံးဆီကိုသာ အားထားနေရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဆီပြတ်လပ်၍ အလုပ်ရပ်နားရမှုများထိ ရှိကြောင်းလည်း သိရသည်။

မှောင်ခိုစျေးကွက်တွင် ပုဂ္ဂလိကဆိုင်များမှ ရောင်းချသည့် စက်သုံးဆီ စျေးနှုန်းထက် သုံးဆနီးပါး မြင့်တက်နေသော ကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဘေးတွဲဆိုင်ကယ် အငှားယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။

၎င်းက "အရင်က ဆီဆိုင်တွေမှာ သွားဖြည့်လို့ရတော့ လွယ်တယ်လေ၊ အချိန်ကုန်လည်း သက်သာတယ်၊ ပြီးတော့ ခရီးသည်လည်းရတော့ နေ့တွက်ကိုက်တယ်။ အခုကကျ ဆီကလွယ်ဖို့နေနေသာသာ အတန်းလိုက်ကြီး  တန်းစီ နေရတော့ အချိန်ကုန် လူပင်ပန်းတာပေါ့။ အဲဒါကြောင့် နှစ်ဆင့် ပြန်လည်ရောင်းချတာတွေ ဥပမာ (မှောင်ခို) လို မျိုး ‌ရောင်းချတာတွေစီကပဲ ဝယ်ကြရတာပေါ့။ အဲလို ဝယ်ရတဲ့အခါ စျေးက သူတို့ပြောသလောက် ပေးရတာပေါ့။ ဒီမနက်ပဲ ကျနော်ဝယ်လာတာ တစ်လီတာ ၉၀၀၀ နဲ့ နှစ်ဗူးဝယ်လာတာ မှောင်ခိုမှာက အခု ၈၀၀၀၊ ၉၀၀၀ ထက် မလျော့တော့ဘူးလေ" ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီရရှိရေး မော်တော်ယာဉ်များ တန်းစီနေကြစဉ်

စက်သုံးဆီ မှောင်ခိုရောင်းချသူများသည် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရှိ မန်နေဂျာများဖြင့် ညှိနှိုင်းကာ အရောင်း/ အဝယ် ပြုလုပ်ကြပြီး ပြင်ပ၌ တဆင့် ပြန်လည်ရောင်းချကြခြင်းများရှိကြောင်း သိရသည်။

ထို့အတူ စက်သုံးဆီ တန်းစီသော ယာဥ်တန်းများထဲတွင်လည်း မှောင်ခိုအဖြစ် ပြန်လည်ရောင်းချရန် တန်းစီနေ သည့် ယာဉ်များလည်းရှိကြောင်း သိရသည်။

လက်ရှိ စက်သုံးဆီ တန်းစီကြရာတွင် မိမိကိုယ်ပိုင် လိုအပ်ချက်ကြောင့် တန်းစီသူများရှိသကဲ့သို့ နေ့စဥ် လုပ်ကိုင် နေသည့် အလုပ်အားမလုပ်ဘဲ စီးပွားဖြစ်အနေဖြင့် တန်းစီနေကြသူများရှိကြောင်း ရန်ကုန်မြို့နေသူတစ်ဦးက ပြောသည်။

၎င်းက "တချို့ဆိုရင် စီးပွားဖြစ်အနေနဲ့ ဒီဆီတန်းစီတာကိုလုပ်ပြီး ပြန်‌ရောင်းကျတာပေါ့၊ ကျန်တဲ့အလုပ်တောင် မလုပ်ဘဲ ဆီတိုးတဲ့ အလုပ်ပဲလုပ်ကိုင်တယ်။ မတိုးနိုင်တဲ့ သူတွေကိုကြတော့ သူတို့က ဆိုင်ကပေါက်စျေးထက် နှစ် ဆ၊ သုံးဆလောက်နဲ့ ပြန်ရောင်းတာပေါ့။ ဆီဆိုင် မန်နေဂျာတွေကလည်း မှောင်ခိုသမားတွေနဲ့ ညှိနှိုင်းလုပ်တာတွေ လည်းရှိတယ်၊ ဝန်ထမ်းတွေ အနေနဲ့လည်း ပူးပေါင်းပြီး လုပ်တာတွေလည်းရှိတယ်" ဟု CNI သတင်းဌာနသို့ ပြော သည်။

စက်သုံးဆီရရှိရေး မော်တော်ယာဉ်များ တန်းစီနေကြစဉ်

စက်သုံးဆီ ပြတ်လပ်နေမှုကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များသည် ဆီကို လိုသ‌လောက်‌ ရောင်းချပေးခြင်း မရှိဘဲ အနည်းဆုံး ၃၀၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀၀ ကျပ်အထိသာ ရောင်းချပေးလျက်ရှိသည်။

လက်ရှိ စက်သုံးဆီ ပြတ်လပ်မှုသည် ရန်ကုန်မြို့ တစ်ခုတည်းတွင် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင်ပါ တွေ့ကြုံနေရခြင်းဖြစ်ပြီး ယခင်ကထက် ပို၍ဆိုးရွားကြောင်းလည်း သုံးသပ်မှုများရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအခြေအနေများနှင့်ပတ်သက်၍ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စိစစ်ဆောင်ရွက်ရန်၊ စက်သုံးဆီ ဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီ အရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေး စီမံဆောင်ရွက်ပေးသွားရန် နစကမှ ထုတ်ပြန်ထားသည်။