CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉

မြန်မာနိုင်ငံအနေဖြင့် သမဝါယမစနစ်အား မဖြစ်မနေ ဖော်ဆောင်မည်ဆိုပါက စီမံခန့်ခွဲမှုအားကောင်းပြီး သေချာ ကြပ်မတ်နိုင်ရန် လိုအပ်ကြောင်း ထိုသို့ လုပ်နိုင်မှသာ အလုပ်ဖြစ်မည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများနှင့် ဘဏ်ရေးရာကျွမ်းကျင်ပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က သမဝါယမစနစ် မအောင်မြင်ခဲ့ဘဲ ကြွေးမြီများ တင်ခဲ့ခြင်းသည် စီမံခန့်ခွဲမှု မကောင်းခဲ့သည့်အတွက် ဖြစ်ကြောင်း ထောက်ပြကြသည်။

ယခုအခါတွင် ထိုစနစ်အား မဖြစ်မနေ အသက်သွင်းမည်ဆိုပါက သမဝါယမစနစ် အောင်မြင်ခဲ့သည့် ပြင်သစ်၊ နယ်သာလန်၊ နယူးဇီလန် တို့ကဲ့သို့ အခြေအနေမျိုး မြန်မာနိုင်ငံတွင် ရှိ/မရှိ စဉ်းစားရမည်ဖြစ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

လိုအပ်သည်များကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများ

၎င်းက “နှစ်ချက်ပေါ့။ နံပါတ်တစ်အချက်က စီမံခန့်ခွဲမှုကောင်းရမယ်။ နံပါတ်နှစ် အချက်က အားနည်းချက်၊ လိုအပ်ချက်ကို ပံ့ပိုးတယ်ဆိုတာက မြင်တဲ့ တစ်ပွိုင့်တည်း၊ နှစ်ပွိုင့်တည်းမရဘူး။ ဆိုကြပါစို့ လူတွေ အရင်းအနှီး လိုတယ် ပိုက်ဆံတွေ ချေးပေးလိုက်တယ်။ ကိုယ်ချေးပေးလိုက်တဲ့ ပိုက်ဆံရဲ့ အတိုးနှုန်းသည် ဘင်္ဂလား လယ်သမားက လေးကျပ်၊ ငါးကျပ်ပေးရတဲ့အချိန်မှာ ဗမာလယ်သမား ဆယ့်သုံးကျပ် ပေးနေရတယ်။ ဆိုတော့ ဖြစ်နိုင်မလား သဘောက finance တစ်ဖွဲ့တည်း ကြည့်တာရှိသေးတာကို။ အားလုံးက ဗမာတစ်ပြည်လုံး အားနည်း တယ်။ management၊ Technology၊ business industry structure အစစ အရာရာအားနည်းတယ်။ ၆ ချက် လောက် ရှိတယ်။ အဲဒီ ၆ ချက်လုံးကို တစ်ပြိုင်တည်း ပံ့ပိုးပေးနိုင်မှရမှာ” ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး အစိုးရက ပါဝင် မဆောင်ရွက်နိုင်သည့် လုပ်ငန်းများရှိကြောင်း၊ ၎င်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမစနစ်သည် သင့်တော်သည့် စနစ်တစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားခြင်းဖြစ်သည်။

သမဝါယမအသင်းများဖွဲ့ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ထိုမှ တစ်ဆင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက် သွားစေလိုကြောင်းလည်း ၎င်းက ပြောကြားထားသည်။

ထို့အပြင် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များအား ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းစေလိုကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ သမဝါယမစနစ်ကို အသက်သွင်းပါက မှောင်ခိုဈေးကွက်ပိုမို များပြား လာနိုင်ကြောင်းလည်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် ဘဏ်ရေးရာကျွမ်းကျင်ပညာရှင်များက သုံးသပ် ကြသည်။

ကိုဗစ်ကာ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ သမဝါယမအသင်းစုမှ ငါးများကို သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးနေစဉ်

ထို့အပြင် သမဝါယမစနစ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည်ဆိုပါက အဆင်မပြေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်ဖို့က အဆင်မပြေဘူး။ ဥပမာ ကျေးရွာအုပ်စု တစ်ခုမှာ လုပ်ရင် လုပ်နိုင်မယ်၊ မြို့နယ်တစ်ခုလုံးမှာ လုပ်ကောင်းလုပ်နိုင်မယ်။ သမဝါယမက အဓိကက စီးပွားရေးတိုးတက်ဖို့ ဆိုတာထက် SME တွေ စုစုစည်းစည်း လုပ်နိုင်ကိုင်နိုင်ဖို့အတွက်ပဲ အဓိကရည်ရွယ်တာ။ အဲဒီ SME တွေရဲ့ နိုင်ငံစီးပွားရေးကို support ပေးနိုင်တာက ဘယ်လောက်မှမရှိဘူး less than 25% ပဲ။ ၄ ပုံ ၂ ပုံတောင်မရှိဘူး။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်း လောက် က အကြီးစားလုပ်ငန်းကြီးတွေကပဲ support လုပ်နိုင်တာ။ အဲဒီ အကြီးစားလုပ်ငန်းကြီးတွေကလည်း သမဝါယမ  လုပ်ဖို့ မလိုဘူး။ သမဝါယမစနစ်ကြီး နိုင်ငံရဲ့ စီးပွားရေးကို ဦးဆောင်ဖို့ဆိုတာတော့ မဖြစ်နိုင်တဲ့အခြေအနေပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် သမဝါယမစနစ်အား အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများတွင်သာ အသုံးပြုကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမဝါယမစနစ်သို့ ပြန်သွားမည်ဆိုပါက ၎င်းတို့ကဲ့သို့သာ ရည်ရွယ်လုပ်ဆောင် ၍ ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။