CNI International News

ဂျာကာတာ၊ ဩဂုတ် ၁၇

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) သည် သမ္မတရာထူးမှ မဆင်းမီ လအနည်းငယ်အလိုတွင် ဩဂုတ် ၁၆ ရက်က ၎င်း၏ နောက်ဆုံးအကြိမ် နိုင်ငံတော်မိန့်ခွန်းကို ပြောကြားခဲ့သည်။

ထိုမိန့်ခွန်းအတွင်း အင်ဒိုနီးရှား၏ စီးပွားရေး၊ အခြေခံ အဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများ အကြောင်းကို ၎င်းက အသားပေး ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဝီဒိုဒိုသည် အရှေ့တောင်အာရှ၏ စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ်တစ်စုကြာ အုပ်ချုပ်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တစ်မြို့ကိုတွေ့ရစဉ်

ဝီဒိုဒိုက ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် လမ်းများခင်းခြင်း၊ တံတားများ ထိုးခြင်းနှင့် ဆိပ်ကမ်းများ တည်ဆောက်မှုတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့ဟာ အခြေခံအုတ်မြစ်အသစ်နဲ့ လူမှုတိုးတက်ရေးကို တည်ထောင်နိုင်စွမ်းရှိခဲ့ပါတယ်။ နိုင်ငံရဲ့ အစွန် အဖျားဒေသတွေ၊ ကျေးရွာတွေနဲ့ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ အခြေခံ အဆောက်အအုံတွေကို တည်ထောင်ခဲ့ပါတယ်" ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ၎င်း၏ အစိုးရအဖွဲ့သည် ကီလိုမီတာ ၂၇၀၀ အရှည်ရှိ လမ်းအသစ် ဖောက်လုပ်ခြင်း၊ ဆိပ်ကမ်း များနှင့် လေဆိပ်များ ၅၀ ခန့် တည်ဆောက်ခြင်း၊ ၁ ဒသမ ၁ သန်း ဟက်တာအကျယ်ရှိ ဆည်မြောင်းများ တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

တစ်ချိန်က ဂျာဗား (Java) ပြည်နယ်တွင် အောင်မြင်သည့် ပရိဘောဂ စီးပွားရေး လုပ်ငန်းရှင်ဟောင်းဖြစ်သည့် ဝီဒိုဒိုသည် အင်ဒိုနီးရှား၏ စီးပွားရေး အခြေအနေကိုလည်း အသားပေးပြောဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မတည်ငြိမ်မှုများ ရှိနေသည့်တိုင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၅ ရာခိုင်နှုန်းဖြင့် တည်ငြိမ်နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

လူဦးရေ သန်း ၂၇၀ ကျော် နေထိုင်သည့် အင်ဒိုနီးရှားတွင် အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းကို ၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအောက်သို့ လျှော့ချပေးနိုင်ခဲ့သည်။

ကုန်ထုတ်ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်

ထို့နောက် အစိုးရကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ထူထောင်ကာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေများအား အလုံးစုံ စစ်ဆေးပြုပြင်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ဝီဒိုဒိုက ပြောသည်။

အင်ဒိုနီးရှားသမ္မတသည် ကောင်းမွန်သည့် စီးပွားရေး စွမ်းဆောင်ရည်များနှင့်အတူ ရာထူးမှ ထွက်ခွာမည် ဖြစ်သော်လည်း တရားရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကဏ္ဍများတွင် အားနည်းနေခြင်း၊ ၎င်း၏ နိုင်ငံရေးမျိုးဆက်ကို ချန်ထားခြင်းတို့ အပါအဝင် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဝီဒိုဒို၏ ယောက်ဖ ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအတွက် အသက်ကန့်သတ်ချက်ကို ပြုပြင်ပြောင်းလဲခဲ့သဖြင့် ဝီဒိုဒို၏ အကြီးဆုံးသားဖြစ်သည့် ဂျီဘရန် ဂျီဘရန် ရာကာဘူမင် ရာကာ (Gibran Rakabuming Raka) သည် ရွေးကောက်ပွဲ ဝင်ခွင့်ရခဲ့ပြီး ဒုတိယသမ္မတနေရာကို အနိုင်ရရှိခဲ့သည်။

အသက် ၃၆ နှစ်အရွယ် ဂျီဘရန်သည် သမ္မတအဖြစ် ရွေးကောက်ခံရသည့် ပရာဘိုဝို ဆူဘင်ယန်တို (Prabowo Subianto) နှင့်အတူ အောက်တိုဘာ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်