CNI International News

ဂျကာတာ၊ ဩဂုတ် ၂၇

အင်ဒိုနီးရှားနိုင်ငံတွင် ထောက်ပံ့ရေး အရန်ဘတ်ဂျက်မှ ဘဏ္ဍာရေးဖိအားများကို စီမံနိုင်ရန်အတွက် လောင်စာဆီ ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်စရာရှိနေကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို၏ အာဏာ ရ ညွန့်ပေါင်းအစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များက ဩဂုတ် ၂၆ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အမျိုးသားအုပ်ချုပ်ပိုင်ခွင့်ပါတီ (National Mandate Party) ပါတီဝင်လည်းဖြစ်၊ လွှတ်တော်စွမ်းအင်ရေးရာ ကော်မတီ၏ လက်ထောက် အကြီးအကဲလည်းဖြစ်သူ အက်ဒီစိုးပါနို (Eddy Soeparno) က “ယခု သီတင်းပတ် အစောပိုင်း၌ အစိုးရပိုင် ပါတာမီနာကုမ္ပဏီ၏ အမှုဆောင်အရာရှိများနှင့် လွှတ်တော်တို့ တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ရာမှ သတင်း အချက်အလက်များ သိခဲ့ရကြောင်း” ရိုက်တာသို့ ဆက်လက် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် အစိုးရက မူလ ဘတ်ဂျက်ထဲမှ ၂၀၂၂ စွမ်းအင် ထောက်ပံ့နိုင်ရေးခွဲဝေမှုကို ၃ ဆတိုးပေးခဲ့ရာ အင်ဒိုသုံး ရူပီယာငွေကြေး ၅၀၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉ ဘီလီယံ) ဖြစ်သည်။

အဆိုပါ ပမာဏသည် ကမ္ဘာ့ရေနံဈေး တက်လာခြင်းနှင့် ရူပီတန်ဖိုး ကျဆင်းမှုကြားထဲတွင် စုစုပေါင်း အသုံးစရိတ် ၁၆ ရာခိုင်နှုန်းခန့် ရှိသည်။

လောင်စာဆီ ဈေးနှုန်း မတက်ခဲ့လျှင်ပင် ယခုနှစ်အတွက် ထောက်ပံ့ကြေး ဘတ်ဂျက်အတွက် အရန်ငွေကြေး လိုအပ်မည်ဖြစ်ကြောင်း အင်ဒိုအစိုးရက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားက လောင်စာဆီ အရောင်းဆိုင် (GETTY IMAGES)

ပါတာမီနာကုမ္ပဏီ၏ ဦးစားပေး ရွေးချယ်သည့် အစီအစဉ်မှာ 90-octane ဓါတ်ဆီတစ်လီတာလျှင် ၇၆၅၀ ရူပီယာမှ ရူပီယာ ၁ သောင်းသို့ ဈေးမြှင့်ရန် ဖြစ်သည်။

အလားတူ 92-octane ဓါတ်ဆီကိုလည်း တစ်လီတာလျှင် ၁၂,၅၀၀ ရူပီယာမှ ၁၆,၀၀၀ ရူပီယာသို့ ဈေးတက်ရန် ရှိကြောင်း ဩဂုတ် ၂၇ ရက်တွင် ပြုလုပ်ခဲ့သော အင်တာဗျူး၌ အက်ဒီစိုးပါနိုက ပြောကြားခဲ့သည်။

အင်ဂျင်ပါဝါ ပိုမိုကြီးမားသည့် မော်တော်ကားမျိုးအတွက် လောင်စာဆီ အရောင်းအဝယ်မပြုရန် တားမြစ်ခြင်းမျိုး ကဲ့သို့ အရောင်း ကန့်သတ်ချက် အချို့ကိုလည်း ပါတာမီနာကုမ္ပဏီက ကျောထောက်နောက်ခံပြု သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“ဒီအချက်ကို ကျနော်တို့မြင်ပါတယ်။ ဈေးနှုန်းမြှင့်လိုက်တာ၊ အရောင်း ကန့်သတ်လိုက်တာမျိုးပေါ့။ ဒီနည်းက လူတွေကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေတယ်” ဟု အက်ဒီစိုးက ရှင်းပြသည်။

ဈေးတက်လိုက်ခြင်းကြောင့် ၂၀၂၂ ငွေကြေးဖောင်းပွမှု လက်ရှိနှုန်းထဲသို့ ၁ ဒသမ ၉ ရာခိုင်နှုန်း ပေါင်းထည့်ရမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ရိုက်တာသို့ ပြောကြားခဲ့သည်။

Source: Reuters