CNI International News

ဂျကာတာ၊ စက်တင်ဘာ ၃

အရှေ့တောင်အာရှတဝန်း ဟောင်ကောင် အပါအဝင် နိုင်ငံအသီးသီးမှ လူငယ်များကို အလုပ်အကိုင် လိမ်လည်ခေါ် ယူနေလျက်ရှိရာ အင်ဒိုနီးရှား နိုင်ငံသားများလည်း အတုအယောင် ကမ်းလှမ်းမှုများ၏ သားကောင်မဖြစ်စေရေး အတွက် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း South China Morning Post သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ထွက်ပေါ်လာသော သတင်းများအရ သားကောင်များသည် အွန်လိုင်းမှတဆင့် လိမ်လည် ခေါ်ဆောင်ခြင်းခံရပြီး လုပ်ငန်းခွင်ထဲတွင် နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်ကြ ရသည်။

တခါတရံ အဆိုပါ အလုပ်သမားများ၏ ဆန္ဒနှင့် ဆန့်ကျင်လျက် အလုပ်ရှင်များက အခြားဒုစရိုက်လုပ်ငန်းများသို့ လွှဲပြောင်းရောင်းချခြင်း ခံရသည်လည်း ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီ (Reuters)

အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများကို အမေရိကန် ဒေါ်လာဖြင့် လုပ်ခလစာ မြင့်မားစွာ ရရှိစေမည်ဟု ဆွဲဆောင် လေ့ရှိသော်လည်း လက်တွေ့တွင် လစာနည်းပါးခြင်း (သို့မဟုတ်) လုံးဝမရခြင်းတို့ ကြုံကြရသည်။

“ဒီခေတ်မှာ လူသစ်စုသူတွေအတွက် အလုပ်သမားရှာရတာ သိပ်လွယ်နေပါတယ်။ သူတို့ဟာ ဖေ့စ်ဘွတ်ခ်လို လူမှု မီဒီယာမှာ အလုပ်အကိုင် လစ်လပ်နေရာရှိတယ်လို့ လွှင့်တင်လိုက်ရုံနဲ့ ထောင်နဲ့ချီသူပြီး ရှာတွေ့နိုင်ပါတယ်” ဟု ရွှေ့ပြောင်း အလုပ်သမားသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ဘော်ဘီအန်နဝါမာရစ်ဖ်က ပြောသည်။

၎င်းတို့၏ သားကောင်ဖြစ်သွားရသူ အင်ဒိုနီးရှား နိုင်ငံသားအချို့သည် လိမ်လည်ပြီး ရင်းနှီးမြှုပ်နှံကြသည့် ကုမ္ပဏီ များ (သို့မဟုတ်) အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်များအတွက် အသုံးချရန် အလုပ်ခန့်ထားခြင်း ခံနေရသည်။

ထိုအလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်များက သိမ်းဆည်းထားပြီး လူသစ်စုဆောင်း သွေး ဆောင်ခြင်းအတွက် ကော်မရှင်ခ(ပွဲခ) ပေးရကြောင်း သိရသည်။

ဟောင်ကောင်မှ လိမ်လည် ခေါ်ဆောင်ခံ ရသူများနှင့်စပ်လျဉ်း၍ အကူအညီ တောင်းခံမှု ၄၃ ခုကို လက်ခံရရှိ ကြောင်း ဟောင်ကောင် အာဏာပိုင်များက ပြောကြသည်။ ထိုသူများထဲမှ ၂၈ ဦးမှာ ဘေးကင်းလုံခြုံစွာ ရှိနေ ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၂၃ ဦးမှာ ဟောင်ကောင်သို့ ပြန်လာနိုင်ကြသည်။

ကမ္ဘောဒီးယားက လိမ်လည်ပြီး ခေါ်ထားခံရသူများကို ထားထားသည့် အဆောက်အဦ(Cindy Liu)

 

ကျန်ရှိနေသော ဒုက္ခသည်များမှာ မြန်မာ (သို့မဟုတ်) ကမ္ဘောဒီးယားမှ ဖြစ်သည်။

အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား အာဏာပိုင်များသည် အလားတူ မတော်တဆမှုများ ထပ်မံဖြစ်ပွားပါက ကိုင်တွယ် ဖြေရှင်းရ လွယ်ကူစေရန်အတွက် ရဲတပ်ဖွဲ့ အချင်းချင်း ဆက်သွယ် ဖလှယ်ခြင်းဖြင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်ကြ ရန် သဘောတူခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီက စက်တင်ဘာ ၁ ရက်တွင် ပြောကြား ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသား စုစုပေါင်း ၄၄၆ ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ လိမ်လည်မှုများ၏ သားကောင်ဖြစ်ခဲ့ပြီး ယမန်နှစ်က စုစုပေါင်း ၁၁၉ ဦးသာ ရှိခဲ့သဖြင့် အရေအတွက် သိသာစွာ တိုးလာသည်ဟု ရက်နိုက ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ပင်လယ်ကမ်းခြေမြို့ဖြစ်သော သီဟာနုဗီလီတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော အင်ဒိုနီးရှား နိုင်ငံသား ၂၂၅ ဦး အပါအဝင် လိမ်လည်မှု သားကောင် ဖြစ်ခဲ့ရသူ အားလုံးကို ကယ်ဆယ်၍ မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ခဲ့ သည်။

သားကောင် ဖြစ်ခဲ့ရသူအားလုံးသည် ကမ္ဘောဒီးယားတွင် ငွေရှာရန် အလုပ်အကိုင် ဗီဇာအစား ခရီးသွားဗီဇာကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

Source: South China Morning Post