CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆

သမ္မတဦးသိန်းစိန်(ငြိမ်း)သည် လာမည့်နှစ် ကြားဖြတ်အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သည်ဟု မှန်းဆချက်များ ထွက်ပေါ်လာနေခြင်းကြောင့် စီးပွားရေး ကျဆင်းမှုကနေ ကြီးပွားချမ်းသာနေသော စီးပွားရေးသမားများသည် ကြောက်ရွံ့မှုများရှိနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) လက်ထက်မှ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် စီးပွားရေးနှင့်ပတ်သက်ပြီး အကုန်ဖွင့်ပေးခဲ့သည့် အတွက်ကြောင့် စီးပွားရေးတိုးတက်ခဲ့ သည်။

ထို့ကြောင့် လက်ရှိနိုင်ငံရေးတွင် သမ္မတဦးသိန်းစိန်(ငြိမ်း) ပါဝင်လာမည်ကို စီးပွားရေး ကျဆင်းမှုကနေ အခွင့်အရေးရှာပြီး ကြီးပွားချမ်းသာနေသော စီးပွားရေးသမားများက ကြောက်ရွံ့နေကြသည်။

စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “ဦးသိန်းစိန် လက်ထက်က သိသလောက်တော့ ပေါ်လစီပိုင်းဆိုင်ရာ ချုပ်ကိုင်ထားတာမရှိဘူး။ ဒါပေမယ့် အားလုံးကို ဖွင့်ပေးလိုက်တာမျိုးတော့ ရှိတယ်။ အဲဒီလို‌ အားလုံးကို ဖွင့်ပေး လိုက်တဲ့အတွက် ခရိုနီပဲပြောမလား။ နဂိုတုန်းက ဖွင့်မပေးတုန်းက အဲဒီဖွင့်မပေးတဲ့အပေါ်မှာ အကျိုးအမြတ် ရနေတဲ့ သူတွေကတော့ အဲဒီဖွင့်ပေးတာကို ကြောက်မှာပေါ့လေ။ အဲဒါကြောင့်လို့ပဲ ထင်တယ်။ တခြားကြောက် စရာအချက်တော့ မတွေ့မိသလိုပဲ။ ဦးသိန်းစိန် တက်တုန်းက စစ်အစိုးရအုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို ပြောင်းတဲ့အခါကြတော့ နိုင်ငံတကာကလည်း လက်ခံတယ်၊ ကြိုဆိုတယ်။ ပြည်တွင်းကလည်း နဂိုတုန်းက တင်းတင်းကြပ်ကြပ် နေခဲ့တာကနေ Relax ဖြစ်သွားတဲ့ဟာဆိုတော့ ပြည်တွင်းရော ပြည်ပရော အဲဒီတုန်းက ထောက်ခံတယ် ပြောရမှာပေါ့။ သူလုပ်ခဲ့တဲ့ ဟာတွေကလည်း လုပ်နည်းကိုင်နည်းတွေ မှန်တယ်။ မှန်တယ်ဆိုတာ က အရင်တုန်းက ပိတ်ထားတာတွေကို ဖွင့်ပေးရုံပါပဲ။ သိပ်အများကြီး ပညာသားပါးပါးတော့ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်(ငြိမ်း) တရုတ်ကို သွားစဉ်

သမ္မတဦးသိန်းစိန်(ငြိမ်း)သည် နအဖ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပမှ ထောက်ခံမှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ လွတ်လပ်သည့် အခြေအနေမှ ချုပ်ကိုင်ထားသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားသဖြင့် မတူညီကြောင်း ထောက်ပြသူများလည်း ရှိကြသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) လက်ထက်မှ ဦးသိန်းစိန်သို့ လွှဲပြောင်းပေးခဲ့ရာတွင် နိုင်ငံရေးမှာ တည်ငြိမ် နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသကဲ့သို့ နိုင်ငံခြားငွေ‌ဈေးနှုန်းများ၊ ကုန်ဈေးနှုန်းများ၊ ကား ဈေးနှုန်းများ၊ ဖုန်းဆင်းကဒ် ဈေးနှုန်းများမှာလည်း လျော့ကျသွားခဲ့သည်။

အလားတူ ပြည်ပမှ လူသုံးကုန်နှင့် စားသုံးကုန်များလည်း အလွယ်တကူ တင်သွင်းဖြန့်ဖြူးနိုင်အောင် ဖန်တီးပေးခဲ့ ခြင်းကြောင့် ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူလူထုက သုံးစွဲနိုင်ခဲ့ကြသလို အိမ်ခြံမြေ ဈေးကွက်မှာလည်း တည် ငြိမ်ပြီး ဈေးသက်သာခဲ့သည်။

လက်ရှိ အခြေအနေသည် နိုင်ငံရေး မတည်ငြိမ်သည့်အတွက် သမ္မတဦးသိန်းစိန်(ငြိမ်း) အနေဖြင့် အစိုးရပိုင်းတွင် တာဝန်ယူမည်၊ မယူမည်ကို မပြောနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

သမ္မတဦးသိန်းစိန်(ငြိမ်း) အုပ်ချုပ်ခဲ့စဉ်က ပြည်တွင်း၌ ဈေးနှုန်းများ အစစအရာရာ ကျဆင်းသွားခဲ့သော်လည်း ထိုအချိန်က ကမ္ဘာ့ဈေးကွက် အနေအထားအရကြည့်လျှင် ဈေးနှုန်းကျဆင်းသွားသည့်အဆင့် မဟုတ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်(ငြိမ်း) တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံစဉ်

၎င်းက “ဈေးဆိုတာက ဈေးနှုန်းမှန်ရတယ်။ ဈေးနှုန်းမမှန်ပဲနဲ့ ဈေးကွက်စီးပွားရေးက ဖြစ်လို့မရဘူး။ ဈေးတွေကျ တယ် ဥပမာ ကားဈေးပေါ့။ ကျနော်တို့ဆီမှာ harrier လိုကား အဲဒီအချိန်တုန်းက ၂၄၀ လောက်ရှိတယ်။ ထိုင်းရောက်သွားတော့ ထိုင်းမှာ ၁၅၀ လောက်ပဲရှိတယ်။ ကျတယ်ဆိုတာ ဒါကမ္ဘာ့ဈေးကွက် Right Price ကို ချဥ်းနင်းဝင်ရောက်တဲ့ အဆင့်ပဲရှိသေးတယ်။ တကယ်ကျတဲ့အဆင့် မဟုတ်သေးဘူး။ အဲဒီလိုဖြစ်မှ စျေးကွက်က စွမ်းဆောင်ရည်ရှိမှာ‌ပေါ့။ ဒါမျိုးကို မလိုလားဘူး ဆိုရင် ကျနော့်အမြင်အရ‌တော့ ကလေးဆန်တာပေါ့။ ကိုယ့်ရဲ့အတ္တအကျိုးစီးပွား တစ်ခုတည်းကို ကြည့်တာပေါ့” ဟု ပြောသည်။

သမ္မတဦးသိန်းစိန်(ငြိမ်း)သည် တရုတ် အပါအဝင် နိုင်ငံတကာနှင့် အပေါင်းလက္ခဏာဆောင်သည့် အနေအထားမှာ ရှိပြီး မကြာသေးခင်ကလည်း တရုတ်နိုင်ငံ၏ ဖိတ်ကြားမှုကြောင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီဝင်၊ တရုတ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့်လည်း တွေ့ဆုံခဲ့သည်။

အလားတူ ထိုတရုတ်ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း အခမ်းအနားတစ်ခုမှာ လက်ဆွဲ နှုတ်ဆက်ကာ တွေ့ဆုံခဲ့သေးသည်။

ထို့နောက် တရုတ်အစိုးရသည် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် သမ္မတဦးသိန်းစိန် (ငြိမ်း)ကို ကြားဖြတ်အစိုးရ သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ဖွဲ့စည်း၍ ရွေးကောက်ပွဲ ကျင်းပ ပေးကာ အပြောင်းအလဲ လုပ်သွားစေလိုသော သဘောထားရှိနေသည်ဟု ပြည်တွင်းနိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိသည်။