CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ ပြင်းထန်နေစဉ် ကာလအတွင်း နောက်ကွယ်မှ နေနေသည့် တရုတ်အစိုးရ သည် ယခုအခါမှာတော့ ပေါ်ပေါ်ထင်ထင် ပါဝင်လာခြင်းကြောင့် နိုင်ငံရေး အရွေ့တစ်ခု မကြာခင် ပေါ်ပေါက်လာ နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်နေကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် တရုတ်အနေဖြင့် နစက ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးများ၊ နိုင်ငံခြားရေး သံတမန်များဖြင့် မကြာခဏ တွေ့ဆုံဆွေးနွေးလာသည်ကို တွေ့ရ သည်။
မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့် အိမ်နီးချင်းနိုင်ငံဟု တရုတ်က သတ်မှတ်ထားခြင်းကြောင့် ပါဝင်လာ ခြင်း ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “တရုတ်ကတော့ မြန်မာနိုင်ငံ အရေးအခင်းမှာ မြန်မာပြည်မှာ ပြဿနာတွေ လက်နက်ကိုင်ပဋိပက္ခ တွေ ကြီးကြီးမားမား ဖြစ်ပြီးတော့ ပေါက်ကွဲထွက်သွားတာမျိုး သူမလိုလားလို့ပေါ့၊ အဲဒီလို ဖြစ်သွားလို့ရှိရင် အခြေအနေတွေက ဘယ်သူ့ဘယ်သူမှ မထိန်းနိုင်ဘဲနဲ့ ပိုဆိုးကုန်မယ်ပေါ့နော်၊ သူတို့ နိုင်ငံအနေနဲ့လည်း မြန်မာ နိုင်ငံနဲ့ ဆက်နွယ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဖို့ဟာ အခက်အခဲ ရှိမှာပေါ့၊ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာကိုး သူကိုယ်၌က မြန်မာနိုင်ငံကို မဟာဗျူဟာကျတဲ့ အိမ်နီးချင်းနိုင်ငံလို့ အသိအ မှတ် ပြုထားတာ ဒါကြောင့်မို့လို့ ဒီကိစ္စ သူဝင်မပါလို့ ရှိရင်တော့ ပြီးမှာ မဟုတ်ဘူးဆိုတဲ့ အနေနဲ့ ဝင်လာတာပေါ့၊ ဝင်လာတော့ သူ့ရဲ့ချည်းကပ်ပုံကတော့ တစ်မျိုးပေါ့နော်၊ သူ့ရဲ့ချည်းကပ်ပုံကတော့ အာဆီယံရဲ့ 5 Point Consensus ကို အကောင်အထည်ဖော်ဖို့တော့ သူက ထောက်ခံတယ်၊ သို့သော် သူပြောတဲ့အထဲမှာ ထူးခြားချက် တွေ ပါတယ်။ ဘာပြောလဲဆိုတော့ အခြေခံဥပဒေတွေနဲ့အညီ ဖြေရှင်းဖို့ဆိုတဲ့ဟာ ပါတဲ့အခါကြတော့ ခုန ကျနော် ပြောခဲ့သလိုမျိုး ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာက အခြေခံဥပဒေအရ သူတို့ စစ်ကောင်စီက အာဏာရယူထား တာ အချိန်သတ်မှတ်ချက် ရှိတယ်၊ အဲဒီ သတ်မှတ်ချက် ပြည့်တဲ့အခါမှာ ရွေးကောက်ပွဲ အခြေခံဥပဒေအတိုင်း လုပ် ဖို့ဆိုတဲ့ဟာကို တရုတ်က ရည်ညွန်းပုံရတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးရ မယ်” ဟု ပြောသည်။
တရုတ်ကို ကန့်ကွက်နေကြစဉ်
ပြီးခဲ့သည့် မေလ ၂ ရက်က မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်ဂန်း ရောက်ရှိလာပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ စီးပွားရေး၊ နယ်စပ်တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာ့နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာသည့်အတွက် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေဖြင့် ပါဝင် ပတ်သက်နေခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ဦးသာထွန်းလှက “တရုတ်ကလည်း မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံဆိုတော့ မြန်မာ့နိုင်ငံရေးပြဿနာက ဖြစ်ပေါ်နေတဲ့ အခြေအနေက တရုတ်နိုင်ငံ အပေါ်မှာလည်း တစ်စုံတစ်ရာ အကျိုးစီးပွားအတွက် အခက်အခဲတွေ အနှောင့် အယှက်တွေ ဖြစ်စေတယ်လို့ တရုတ်က အဲဒီလို သုံးသပ်လိမ့်မယ် ထင်တယ်၊ အဲဒါကြောင့် မြန်မာ့နိုင်ငံရေး ပြဿနာကလည်း အခုဆိုရင် ပိုလို့ ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိလာတဲ့ အတွက်ကြောင့် အိမ်နီးချင်း နိုင်ငံတစ်ခုအနေနဲ့ သူပါဝင်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အဲဒီလို ယူဆတဲ့ အတွက်ကြောင့် အဲဒီလို ပါဝင်ပတ်သက် တွေ့ဆုံမှု အပိုင်းတွေကို လုပ်လာရတဲ့ အခြေအနေမျိုးလို့ ကျနော်အဲဒီလို မြင်တယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်ဂန်းနဲ့ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တွေ့ဆုံစဉ်
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးထက် စီးပွားရေးကို ဦးစားပေးသည့် နိုင်ငံဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှ ၎င်းတို့ အကျိုးစီးပွား အနှောင့်အယှက် မရှိမှာဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ဦးလီပေါ်ရဲ့က “တရုတ်ကတော့ သူတို့ဝမ်းစာပေါ့၊ အဓိကကတော့ သူတို့ရဲ့ စီးပွားရေးပါပဲ၊ တရုတ်ကတော့ နိုင်ငံ ရေးထက်စာရင် စီးပွားရေးကို ဦးစားပေးတဲ့ နိုင်ငံဆိုတော့လည်း မြန်မာ့နိုင်ငံရေးကတော့ ရှင်းရှင်းပြောရရင် သူက ကောင်းစေချင်တာပေါ့ကွာ မကောင်းရင် သူ့ရဲ့စီးပွားရေးတွေကလည်း အများကြီး ရှိတာကိုး၊ အနှောင့်အယှက်တွေ ရှိတာကိုး၊ သူကတော့ ကောင်းစေချင်မှာပဲလေ၊ ကောင်းစေချင်ပေမယ့်လည်း ဒါကကောင်းအောင် လုပ်နိုင်မှလည်း ကောင်းလာမှာကိုး အခုအခြေအနေကတော့ မလွယ်ဘူးလေ၊ နဂိုက တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ပဲ ရှိတဲ့ ဟာတောင်မှ မလွယ်တဲ့ဟာ အခုက လက်နက်ကိုင်အဖွဲ့ပေါင်း ရာနဲချီဆိုတော့ လွယ်တော့ မလွယ်ပါဘူး” ဟု ပြောသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး ထိုနယ်စပ်အနီးတွင် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၊ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားများ ဒီမိုကရေစီ မဟာ မိတ်တပ်မတော်-မိုင်းလား(NDAA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး (PSLF/ TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။