CNI International News

အင်ဖယ်လ်၊ မေလ ၁၃

မဏိပူရပြည်နယ်တွင် နောက်ထပ် ငါးရက်ကြာ အင်တာနက် ဖြတ်တောက်ထားဦးမည်ဟု NORTHEAST NOW သတင်း၌ ဖော်ပြသည်။

အင်တာနက် ဖြတ်မည့်အပေါ် မဏိပူရပြည်နယ်အစိုးရက မေလ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း၌ တင်းမာမှုများ ဆက်ရှိနေဆဲ အခြေအနေကြောင့် အင်တာနက်ကို ထပ်မံဖြတ်တောက် ထားရ ခြင်း ဖြစ်သည်။

 

ဖုန်းကြည့်နေတဲ့ လူငယ်တစ်ဦးကိုတွေ့ရစဉ်

ထွက်ပေါ်လာသော သတင်းများအရ ပြည်နယ်အတွင်း၌ တင်းမာမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ နေရာတစ်ချို့တွင် အကြမ်းဖက်မှုများ ဖြစ်နေဆဲဟု မဏိပူရရဲတပ်ဖွဲ့က ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် အင်တာနက် အသုံးပြု၍ရသည့် အခြေအနေတွင် လူမှုကွန်ယက်များ၌ ဓာတ်ပုံများ၊ အမုန်းစကားများနှင့် မုန်းတီးမှုကိုဖြစ်စေသော ဗွီဒီယိုများ ပျံ့နှံ့လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

မဏိပူရအစိုးရသည်လည်း ထိုကဲ့သို့ လူမှုကွန်ယက်များကို အသုံးပြုခြင်းက ပြည်သူများအတွက် သွေးထိုး လှုံ့ဆော် မှုကို ဖြစ်စေကာ ပြည်နယ်တွင်းမှ တရားဥပဒေစိုးမိုးရေးအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေမည်ကို စိုးရိမ်နေသည်။

မဏိပူရပြည်နယ်တွင်း အင်တာနက် ဖြတ်ထားရခြင်းသည် အကြမ်းဖက် လုပ်ရပ်များ၊ အစီအစဉ်များ ကိုတားဆီး ရန်၊ ငြိမ်းချမ်းရေးနှင့်အတူ ယှဉ်တွဲနေထိုင်ရေးကို ထိန်းသိမ်းရန်၊ အသက်ဆုံးရှုံးရခြင်း သို့မဟုတ် အစိုးရနှင့် ပုဂ္ဂလိ က ပိုင်ဆိုင်မှုများ ဆုံးရှုံးရနိုင်မှုကို တားဆီးရန် ဖြစ်သည်ဟု အစိုးရက ပြောသည်။

မဏိပူရအဓိကရုဏ်းကိုတွေ့ရစဉ်

ဆန္ဒပြသူများ၊ သွေးထိုးလှုံ့ဆော်သူများကို အစုအဝေး သို့မဟုတ် အထောက်အပံ့ ဖြစ်စေသည့် သတင်း အမှားများ၊ ကောလာဟလများ WhatApp၊ Facebook၊ Instagram၊ Twitter နှင့် SMS တို့မှ ပျံ့နှံ့ခြင်းကို တားဆီးခြင်းဖြင့် ပြည်သူ့ အကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရေး လိုအပ်သော ဆောင်ရွက်ချက်များကို ချမှတ် ဆောင်ရွက်ရန် မဖြစ်မနေ အရေးပါသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းက ပြည်သူများ၏ အသက်အန္တရာယ်နှင့် ပုဂ္ဂလိကပိုင် သို့မဟုတ် ပြည်သူပိုင်များ ပျက်ဆီးဆုံးရှုံးခြင်းအတွက် အတားအဆီး ဖြစ်စေမည်ဟုလည်း သိရသည်။

Source: NORTHEAST NOW