CNI International News

အင်ဖာ၊ ဇူလိုင် ၂

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လူမျိုးစုများ ကြား ပြန့်နှံ့နေသည့် လက်နက်များအားလုံးကို ဖြုတ်သိမ်းရေးဖြစ်သည်ဟု The Print သတင်းဝက်ဘ်ဆိုက်က အကြံပြုရေးသားထားသည်။

၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မဏိပူရပြည်နယ် Kangpokpi ခရိုင်ရှိ Leilon Vaiphei ကျေးရွာမှ နာဂ အရပ်သား ၆ ဦး ပြန်ပေးဆွဲခံခဲ့ရပြီးနောက် နှိပ်စက်ညှင်းပန်း ခံထားရသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ဇွန်လ ၁၀ ရက်နေ့တွင် အနီးနားရှိ တောအုပ်တစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရက်ပေါင်းများစွာ အသံတိတ်နေခဲ့ပြီးနောက် ကူကီး-ဇို ကောင်စီ (Kuki-Zo Council) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး  ထိုလူသတ်မှုများသည် စိတ်လှုပ်ရှားသွားသည့် အခိုက်အတန့်တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် အမှားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကာ လူထုကိုယ်စား တောင်းပန်ခဲ့သည်။

နာရီပိုင်းအတွင်းမှာပင် နာဂကျောင်းသားများအဖွဲ့ချုပ် (ANSAM) က ကူကီး-ဇို ကောင်စီ၏ တောင်းပန်မှုကို မရိုးသားကြောင်းပြောကာ ပယ်ချခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးပေးရန် တောင်းဆိုခဲ့သည်။

လူသတ်သမားများကို လွတ်လပ်စွာ လွှတ်ထားပြီး မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်း မရှိသရွေ့ ပြန်လည် သင့်မြတ်ရေး အစီအစဉ်များ စတင်နိုင်မည် မဟုတ်ကြောင်း ANSAM က ပြောကြားခဲ့သည်။

မဏိပူရပြည်နယ်၊ အင်ဖာမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဉ်

ထိုကိစ္စ၏ နောက်ကွယ်တွင် အလွန်ရှုပ်ထွေးသည့် မေးခွန်းတစ်ခုရှိနေသည်။ အဆိုပါ မေးခွန်းမှာ နာဂအရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့သော လက်နက်များသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဆိုသည့် မေးခွန်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မေလကတည်းက လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် လက်နက်များကဲ့သို့ပင် ယခု အရပ်သား ၆ ဦး ကို သတ်ဖြတ်ခဲ့သည့် လက်နက်များသည် အရပ်သားများ၏ လက်ထဲတွင် ရှိမနေသင့်သော လက်နက်များ ဖြစ် သည်။

မဏိပူရ၏ လူမျိုးစုပဋိပက္ခ သုံးနှစ်တာ ကာလအတွင်းသို့ ရောက်ရှိလာချိန်တွင် အရပ်သားများ၏ လက်ထဲ၌ ပျံ့နှံ့နေသည့် လက်နက် အရေအတွက်မှာ ၆၀၀၀ ခန့်ရှိနေသဖြင့် ထိုကိန်းဂဏန်းသည် စိုးရိမ်စရာကောင်း‌သော ပမာဏဖြစ်သည်။

ကူကီး-ဇိုနှင့် ကသည်းလူမျိုးစုများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် အစောပိုင်း သီတင်းပတ်များအတွင်း ပြည်နယ်ရဲတပ်ဖွဲ့၏ လက်နက်တိုက်များအတွင်းမှ စိန်ပြောင်းများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများ အပါအဝင် သိန်းနှင့်ချီသော ကျည်ဆန်များနှင့်အတူ သေနတ်အလက်ပေါင်း ၆၀၀၀ ခန့် ခိုးယူခံခဲ့ရသည်။

အိန္ဒိယအစိုးရက လက်နက်တွေ သိမ်းဆည်းရမိစဉ်

သုံးနှစ်အကြာတွင် ထိုကဲ့သို့ ခိုးယူခံခဲ့သည့် လက်နက်များ ပြန်လည် သိမ်းဆည်းရမိမှုနှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်း မဏိပူရပြည်နယ် ရဲချုပ်က ပြောကြားခဲ့သော်လည်း ကျန်ရှိနေသည့် လက်နက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် သေနတ်အလက်ပေါင်း ၂၀၀၀ နီးပါးကို ရှာမတွေ့သေးပေ။

ထိုလက်နက်များသည် ပဋိပက္ခ ဖြစ်ပွားနေသည့် နှစ်ဖက်စလုံးရှိ လက်နက်ကိုင်ပြည်သူ့စစ်များ၊ သူပုန်အဖွဲ့များ၏ လက်ထဲတွင် ပျံ့နှံ့နေဆဲဖြစ်သည်။

ထို့ကြောင့် မဏိပူရပြည်နယ်တွင် လက်နက် ဖြုတ်သိမ်းရေးသည် လွယ်ကူလိမ့်မည် မဟုတ်ဘဲ မဖြစ်နိုင်သည့် အခြေအနေဟုပင် ပြောနိုင်သည်။

သေနတ်များသည် မဏိပူရပြည်နယ်၏ လူမျိုးစုကွဲပြားမှုကို ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း သေနတ်များ ရှိနေသရွေ့ ပဋိပက္ခကို အဆုံးသတ်နိုင်မည် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။

Source: The Print