CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နောက်ကွယ်မှာ အကျိုးစီးပွားများ ပါနေခြင်း ကြောင့် အလှမ်းဝေးနေနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် မတ်လမှာ ပြည်တွင်းစစ်ဖြစ်ပွား ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

ထို့နောက် ခေတ်အဆက်ဆက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာမှာလည်း ယနေ့ထိ မရရှိသေးဘဲ အလှမ်းဝေးနေဆဲဖြစ်သည်။ 

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများ ရှိသော်လည်း မိမိ၏ ကိုယ်ကျိုးစီးပွားနှင့် မိမိ၏ ဒေသအကျိုးစီးပွားများ ကိုသာကြည့်ပြီး တိုင်းပြည်နှင့်ပြည်သူလူထုအတွက် စဉ်းစားမှု နည်းပါးနေသည်ကို တွေ့ရှိရသည့်အတွက် ငြိမ်းချမ်းရေးသည် ကြန့်ကြာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အတွေ့အကြုံ များစွာရှိသော်လည်း နောက်ကွယ်တွင် အကျိုးစီးပွား ပါဝင်လာနေခြင်းကြောင့် ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးနေခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “အဓိကတော့ ကျနော်တို့ ခေါင်းဆောင်တွေပေါ့နော် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုက ရှိဖို့လိုတယ်။ နောက် ပွင့်ပွင့်လင်းလင်း ရှိဖို့လိုတယ်။ နောက်တစ်ခုက အခု ခေါင်း ဆောင် တစ်ဦးချင်းစီတိုင်းပေါ့။ အစိုးရဘက်ကသော်လည်းကောင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေ သော်လည်း ကောင်း တိုင်းပြည်မျက်နှာကို ကြည့်ဖို့လိုတယ်ပေါ့နော်။ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းဖို့အတွက် ငါတို့ ဘယ်လို လုပ်သင့်သလဲ ဆိုတာကိုတော့ ကိုယ့်အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား မဟုတ်ဘဲနဲ့၊ ကိုယ့်အရပ် ဒေသတစ်ခု တည်းရဲ့ အကျိုးစီးပွားလည်း မဟုတ်ဘဲနဲ့ပေါ့ တိုင်းပြည်တစ်ခုလုံး အဲဒီလို စဉ်းစားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိ တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ရဲ့ အမြင်အရဆိုရင် ပြောမယ်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက် ကတည်းကပေါ့။ ကျနော်တို့ တိုင်းပြည်နဲ့ ပတ်သက်တာ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ  အတွေ့အကြုံတွေက မြောက်များစွာ ရှိနေပြီ။ အဖွဲ့အစည်းတွေနဲ့ လုပ်တာတို့၊ နိုင်ငံခြားမှာ သွားလေ့လာတာတို့ အဲဒီလိုပေါ့နော် ဒီလို အတွေ့အကြုံတွေ။ အစိုးရဘက်ကရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကရော အားလုံး သိပြီးသားပေါ့ နော်။ ဒါပေမယ့် ဆက်သွားဖို့အတွက်က ခေါင်းဆောင်တွေက တိုင်းပြည်အတွက် စဉ်းစားမယ်ဆိုရင် ကျနော်တို့ အဖြေက သိပ်မဝေးတော့ဘူး။ ဒါပေမယ့် တိုင်းပြည်အတွက် မစဉ်းစားဘဲနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွားဆိုတဲ့ဥစ္စာက နောက်ကွယ်ကနေ ပါလာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ရဖို့အတွက်က အလှမ်းဝေးနေအုံးမှာပေါ့နော်” ဟု ပြော သည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရက် ၁၀၀ စီမံကိန်းရေးဆွဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ဆွေးနွေးရန် ဖိတ်ခေါ်လျက် ရှိနေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကောင်းမွန်သည့် ရလဒ်သည် အစိုးရအဆက်ဆက်၌ ထွက်ပေါ်လာခြင်း မရှိသည့် အတွက် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် နည်းလမ်းကို အသုံးမပြုဘဲ နည်းလမ်းအသစ်များကို စဉ်းစားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် တက်ရောက်လာသူများကို တွေ့ရစဉ်

၎င်းက “ခေတ်အဆက်ဆက်က အစိုးရတွေ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေး ပုံသဏ္ဍာန်တွေ မျိုးစုံရှိတယ်။ အကျိုးစီးပွား တွေကို ပေးပြီးတော့မှ ညှိနှိုင်းတာရှိတယ် မျိုးစုံပေါ့လေ။ တစ်ခုမှ အဆင်ပြေပြေ ဖြစ်ခဲ့တာ မရှိဘူး။ အဲဒါဆိုတော့ ကျနော်တို့က ဝမ်းသာစရာအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အဆင်မပြေတဲ့ နည်းတွေတော့ တွေ့ပြီပေါ့။ အဆင်ပြေ တဲ့နည်း ဘာလဲဆိုတာ ပြန်ရှာဖို့ပေါ့။ အရှေ့မှာ မှားထားပြီးသားတွေကိုပဲ ထပ်တလဲလဲ လုပ်နေရင် တူညီတဲ့ ရလဒ် ပဲ ထွက်မှာလေ။ အရင်တုန်းကအတိုင်း လုပ်ကြည့်တယ် ဒီအတိုင်းပဲ ဒီလိုပဲ ပြန်ထွက်လာတယ်ဆိုတာ ဖြစ်နေ တယ်။ ဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရှိရင်တော့ နည်းနာအသစ်တွေက သေသေချာချာ စဉ်းစားဖို့တော့ လိုအပ်တယ်။ နည်းနာအသစ်တွေ စဉ်းစားတဲ့အခါမှာလည်း ကိုယ်တစ်ယောက်တည်းက တစ်ရေး နိုးတော့ အကြံပေါ်ဆိုပြီးတော့ စဉ်းစားပြီးတော့ ဒီနည်းက အသစ်ပဲ ငါလုပ်ကြည့်အုံးမှ ဆိုတဲ့ဟာမျိုး တွက်တာ ထက် စာလို့ရှိရင် တိုင်ပင်ပြီးတော့မှ အားလုံးက လက်ခံနိုင်တဲ့ နည်းစနစ်တွေ ဖော်ထုတ်ပြီးတော့မှ လုပ်တဲ့ဟာမျိုး ဆိုရင် ပိုပြီးတော့မှ သင့်လျော်မလားလို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးက တစ်ဦးတစ်ယောက် တည်းနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူးလေ။ အားလုံးနဲ့ သက်ဆိုင်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးရဲ့ ပိုင်တဲ့ ပိုင်ခွင့်ဖြစ်တာပေါ့။ ဒီထဲမှာ တစ်ဦးတစ်ယောက်တည်း ရသွားတာမျိုး မဟုတ်ဘဲနဲ့ အားလုံးက ငါတို့အားလုံး ပူးပေါင်းလိုက်ပြီးတော့မှ ဒီရလဒ်လေး ထွက်လာတယ်၊ ဒါသည် အားလုံး ပူးပေါင်းမှုရဲ့ ရလဒ်ဖြစ်တယ်ဆိုတဲ့ဟာမျိုး ဘယ်လိုပုံစံမျိုး ဖော်ထုတ်ပေးမှာလဲ ဆိုတဲ့ဟာက အရေးကြီးတယ်လေ” ဟု ပြောသည်။

လက်ရှိတွင် NSPNC သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ဇွန်လ ၄ ရက်ကလည်းကောင်း၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) တို့နှင့် ဇွန်လ ၉ -၁၀ ရက်များ က လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ဇွန်လ ၁၂ ရက်က လည်းကောင်း တွေ့ဆုံ ဆွေးနွေး ထားသည်။

အလားတူ NSPNC သည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)နှင့် ဇွန်လ ၁၇ ရက်တွင် လည်းကောင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ဇွန်လ ၁၈ ရက်တွင်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။

သို့သော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေး ခွဲဝေရေး၊ သယံဇာတနှင့်ဘဏ္ဍာရေး ခွဲဝေရေး တို့တွင် အကျိုးစီးပွားများ ပါဝင်နေခြင်းကြောင့် ညှိနှိုင်းရေးမရဘဲ ယနေ့ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အလှမ်းဝေးနေဆဲဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။