CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် နိုင်ငံရေးပါတီများကြား သဘောတူညီထား သည့် အချက် ၄၃ ချက်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တိကျသော သဘောတူညီမှု မရှိသေးကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။

သဘောတူညီထားသည့် အချက် ၄၃ ချက်သည် အရေးပါသော အချက်များ မပါသေးကြောင်း၊ ပုဒ်မ ၂၆၁ ပြင်ဆင် ရေး တိကျသော သဘောတူညီချက် မရရှိခဲ့သေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၄၃ ချက်လို့ပြောပေမယ့် တကယ့် တကယ်တမ်းက တချို့ဟာတွေက ဒီဟာတွေကို နဂိုအတိုင်းပဲထားပါ မယ်လို့ သဘောတူညီလိုက်တာပေါ့နော်။ ပြင်ခါမှ ပိုဆိုးနေတဲ့သဘော ဖြစ်တဲ့အခါကြတော့ ကဲကဲ မပြင်ဖြစ်ရင်လည်း ဒီတိုင်းပဲထားပါအုံး ဆိုပြီးတော့မှဖြစ်တယ်။ အဲဒီလိုမျိုးဟာကိုလည်း သူက တစ်ချက် အနေနဲ့ထားထားတော့ တချို့ ဟို ၄၃ ချက်လို့သာ ကျနော်တို့က ပြောနေရတာ တကယ့် တကယ်တမ်း ဒီပြင်လိုက်ပါတယ်ဆိုတဲ့ ဟာကြီး က ၄၃ ချက် ဖြစ်မနေဘူး။ ပြီးရင် တချို့ဟာလေးတွေက နည်းနည်း စကားလုံးလေးတွေ ဘာလေးတွေပေါ့နော်။ အဲဒီလိုမျိုးလေးတွေ လောက်ဆိုတော့ တအားကြီး အရေးကြီးတဲ့ဟာမျိုး ဥပဒေက များများစားစား မရှိသေးပါဘူး။ တကယ်ကို အရေးကြီးပါတယ်လို့ ဟိုဟာမှာ ဆွေးနွေးထားတဲ့ဟာက ပုဒ်မ ၂၆၁ ပြင်ဖို့ပေါ့နော်။ ပြီးရင် ၂၆၁ နဲ့ ဆက်စပ်တဲ့ ပုဒ်မတွေ အကုန်လုံးပြင်ဖို့ဆိုပြီး ဆွေးနွေးတာရှိတယ်။ အဲဒါကို ဟိုဘက်ဒီဘက် နှစ်ခုစလုံးက သဘောတူညီပြီးပြီ ဆက်လက်ပြီး ဆွေးနွေးရမယ့် ဆက်စပ် ပုဒ်မတွေကို ဆွေးနွေးပြီးတော့မှ အကုန်လုံးကို ပြင် ဆင်သွားမယ်ဆိုတဲ့ဟာ သဘောတူညီထားတယ်။ သို့ပေမယ့် အကုန်ပြီးအောင် မဆွေးနွေးရသေးဘူး။ အဲဒီ အတွက်ကြောင့်မို့လို့ အဲဒီဟာကကျတော့ ၄၃ ချက်ထဲ ပါမလာဘူး။ အမှန်တကယ်က အဲဒီဟာက တော်တော် အရေးကြီးတဲ့ဟာပေါ့နော်။ ၄၃ ချက်ထဲနဲ့ မလုံလောက်ဘူး။ ခေတ်၊ စနစ်နဲ့ လျော်ညီအောင် ပြင်ရမယ့် ကိစ္စရော၊ အုပ်ချုပ်တဲ့ပုံသဏ္ဍန်မှာ စမ်းသပ်ပြီးသားတော့ ဖြစ်ထားပြီပေါ့။ အဓိက,ကတော့ ကျနော်တို့ လုပ်ဆောင်နေရင်း တန်းလှန်းနဲ့ အမြဲတန်း ခေတ်၊ စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အမြဲတမ်း ဖြစ်နေဖို့ပဲလိုတာပေါ့”ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သ‌ဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ် ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ် အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင် မှုများဆောင် ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူညီချက် ၄၃ ချက်ရရှိထားသော်လည်း နိုင်ငံတော်သမ္မတထံ NSPNC က တင်ပြထားပြီလား မတင်ပြရသေးဘူးလား မသိရသေးကြောင်း၊ သုံးပွင့်ဆိုင် အတည်ပြုရေးကိစ္စမှာ လည်း  မသိရသေးကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

 လွှတ်တော်ကျင်းပနေစဉ်

၎င်းက “နိုင်ငံတော်သမ္မတကြီးဘက်က ပြောထားတဲ့ ဥစ္စာရှိတယ်။ ဒီ ၄၃ ချက်၊ နောက် ငြိမ်းချမ်းရေးညီလာခံ တွေက သဘောတူထားချက်တွေ အဲဒါတွေကိုပေါင်းပြီးမှ လွှတ်တော်တင်မယ်၊ အခြေခံဥပဒေကို ပြင်မယ်နော် ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်။ ‌ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ကိုပေးမယ်။ အဲဒါမျိုး သူပြောထားတာရှိ တယ်။ အဲဒီတော့ ၄၃ ချက်ဟာ လာမယ့် ကာလမှာ ပါလာမယ်။ ၄၃ ချက်ရယ် အဲဒါတွေအားလုံးကို ပေါင်းပြီးမှ အခြေခံဥပဒေမှာ ပြင်မယ်လို့ ဒီလိုပဲနားလည်တယ်။ အဲဒီတော့ ၄၃ ချက်က ပြင်ဖို့လိုအပ်တဲ့ဥစ္စာတွေ အဲဒီ‌တော့ ပြင်ဖို့မလိုသေးတဲ့ ဥစ္စာတွေလည်း အခြေခံဥပဒေမှာ ရှိအုံးမှာပေါ့။ ဒါပေမယ့် ၄၃ ချက်သည် အခုကာလ နိုင်ငံရေး၊ စစ်ရေး အနေအထားအရ ပြင်မှဖြစ်မယ်ဆိုတဲ့ဘက်နဲ့ သွားပြီးတော့ ဆွေးနွေးကြတာပေါ့။ အဲဒီတော့ သဘောတူ ထားတာတော့ ၄၃ ချက် ရထားပြီးပြီ၊ နောက် ၁၀ ချက်ကျော်လောက် ကျန်တယ်။ အန်ကယ်တို့က နှစ်ဖက်သဘော တူပြီးတော့ မှတ်တမ်းတင်ထားပြီးပြီ၊ ဒါပေမယ့်လို့ အဲဒါကို လူကြီးဆီကို NSPNC ဘက်က မတင်ပြရသေးဘူးလား၊ တင်ပြဆဲလား၊ သဘောတူညီချက် ရပြီးပြီလား၊ သုံးပွင့်ဆိုင် အတည်ပြုဖို့ မပြုနိုင်သေးလို့လား မပြောတတ်ဘူး။ ၁၄ ချက် ကျော်ကျော်လောက်ရှိတယ်”ဟု ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် ရွေးချယ်တင်မြောက် ခံရချိန်က NSPNC နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးမားသော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ဥပဒေပုဒ်မ အများစုကို ပြင်ဆင်ရန်အတွက် ပြည်လုံးပြည့် ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်ကာ ပြင်ဆင်လိုသည့် ပုဒ်မများ၏ သဘောသဘာဝအပေါ် မူတည်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် ပြည်သူလူထု၏ အဆုံးအ ဖြတ် လိုအပ်မှု အဆင့်ဆင့်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။