CNI International Article
၂၀၂၅ ခုနှစ်၊ မတ်လ ၂
ထိုင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် မကြာသေးမီက နိုင်ငံတောင်ပိုင်းသို့ သွားရောက် သည့် ခရီးစဉ်အတွင်း ဆယ်စုနှစ် ၂ စုနီးပါးကြာ ဖြစ်ပွားနေသော ထိုဒေသ၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိမှုက သက်ဆင် အတွက် ထိုကဲ့သို့ ယုံကြည်ချက်များ မြင့်တက်လာခြင်းဖြစ်နိုင်သည်။
အန်ဝါသည် မကြာသေးမီက သက်ဆင်ကို ၎င်း၏ အာဆီယံရေးရာ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။
၎င်းတို့ ၂ ဦး၏ ခိုင်မာသည့် ဆက်ဆံရေးသည် ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခွဲထွက်ရန် ကြိုးပမ်းနေ သည့် အစ္စလာမ်မစ်အဖွဲ့ (Barisan Revolusi National) တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု အလားအလာကို မြင့်တက်စေနိုင်သည်။
Barisan Revolusi National အဖွဲ့သည် တရားစီရင်ခံရမည့် အရေးမှ ရှောင်လွှဲရန် ထိုင်းနိုင်ငံတောင်ပိုင်းမှ မလေးရှားနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည့် လက်နက်ကိုင်များကို ပြန်လည်လွှဲပြောင်းရယူရန် လွတ်လပ်သော နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သက်ဆင်၏ နိုင်ငံတောင်ပိုင်း ခရီးစဉ်မတိုင်မီ ၁ ရက်အလိုက ယာလာ (Yala) ပြည်နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့သည်။
ပုံစာ- ထိုင်းတောင်ပိုင်း ကားဗုံးပေါက်ကွဲစဉ်
ထို့ပြင် နာရာသီဝတ် (Narathiwat) ပြည်နယ်သို့ သက်ဆင်တို့ လေယာဉ် ရောက်မလာမီ နာရီပိုင်းအလိုကလည်း လေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေး တာဝါအနီးတွင် ဗုံးပေါက်ကွဲခဲ့သည်။
သက်ဆင်ကမူ ထိုဗုံးပေါက်ကွဲမှုများသည် ၎င်းအား ကြောက်လန့်စေခဲ့ခြင်း အလျဉ်းမရှိကြောင်း ရဲဝံ့သည့် မျက်နှာ ထားဖြင့် ပြောကြားခဲ့သည်။
“ကျနော်ဟာ လုပ်ကြံသတ်ဖြတ်ခံရမှု ၄ ကြိမ်ကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့ဖူးပါတယ်။ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး” ဟု သက်ဆင်က တောင်ပိုင်းခရီးစဉ်မှ ဘန်ကောက်သို့ ပြန်လည်ရောက်ရှိချိန်တွင် မီဒီယာများကို ပြောကြားခဲ့သည်။
ထိုဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ထောက်ရှုခြင်းဖြင့် အစိုးရသည် နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက် မှုများအား အဆုံးသတ်လိုသော ၎င်းတို့၏ ရည်မှန်းချက်နှင့် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်ကို သုံးသပ်ရနိုင်သည်။
အမျိုးသားလုံခြုံရေးကောင်စီ(NSC)က ပြင်ဆင်ခဲ့သည့် ငြိမ်းချမ်းရေး အစီအစဉ် အသစ်သည် မြေပြင်ရှိ ပကတိ အရှိတရားနှင့် သဟဇာတ ဖြစ်/မဖြစ် ဆိုခြင်းကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
ယခုနှစ် အစောပိုင်းက ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) သည် နိုင်ငံတောင်ပိုင်းတွင် အမြစ်တွယ်နေသည့် အကျပ်အတည်းကို ဖြေရှင်းရန် NSC အား ညွှန်ကြားခဲ့သည်။
ပုံစာ- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါကိုတွေ့ရစဉ်
NSC ၏ ယခင် အစီအစဉ်သည် နိုင်ငံတောင်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဖြန့်ကြက်ချထားရေးအပေါ် အလွန်အကျူး အာရုံစိုက်ထားကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
NSC ၏ အစီအစဉ် အသစ်သည်လည်း ထူးမခြားနားပင် ဖြစ်သည်။ ထိုအစီအစဉ်သစ်သည် Order 66/23 ဟု လူသိများသည့် နှစ်ပေါင်း ၄၀ ကြာမြင့်နေပြီဖြစ်သည့် လွတ်ငြိမ်းခွင့် မူဝါဒကို ပြန်လည်ဆန်းသစ် ထားခြင်း ဖြစ်သည်။
ထိုလမ်းညွှန်ချက် မူဝါဒကို ၁၉၈၀ ပြည့်နှစ်က ဝန်ကြီးချုပ် ပရမ် တင်ဆူလာနွန်ဒါ (Prem Tinsulanonda) ၏ အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ဝဲယိမ်း ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ခေါ်ယူရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ၁၉၇၀ ပြည့်နှစ် ကာလများက လက်ဝဲယိမ်း ကျောင်းသားများ၏ ဆန္ဒပြမှုများသည် နိုင်ငံတောင်ပိုင်းတွင် အမြစ်တွယ်နေသည့် သောင်းကျန်းမှု အခြေအနေနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
အထူးသဖြင့် သောင်းကျန်းသူများသည် အစိုးရလက်အောက်မှ ခွဲထွက်ရန်အတွက် လက်နက်စွဲကိုင် တိုက်ခိုက် နေခြင်းဖြစ်သည်။ ကျောင်းသားများမှာမူ အစိုးရအဖွဲ့၏ သဘောတရားရေးရာများ အပြောင်းအလဲ ပြုလုပ်ရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယခင်အစိုးရများကလည်း အလားတူ မူဝါဒများကို ကျင့်သုံးခဲ့သော်လည်း အောင်မြင်မှုသည် အကန့်အသတ်သာ ရှိခဲ့သည်။
အနီးစပ်ဆုံးဖြစ်ရပ်မှာ ၂၀၁၈ ခုနှစ်က ထိုင်းတော်ဝင် စစ်တပ်၏ Bring People Home အစီအစဉ်ဖြစ်သည်။
ပုံစာ- ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ခြောက်လကြာမြင့်ခဲ့သည့် ထိုပညာပေး အစီအစဉ်တွင် လူပေါင်း ၃၀၀ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် ၃၉ ဦးသည် သောင်းကျန်းသူများအဖွဲ့၌ ရာထူးကြီး ပုဂ္ဂိုလ်များဖြစ်ကာ ကျန်ရှိသူအားလုံးသည် သာမာန် လက်နက်ကိုင် အဖွဲ့ဝင်များသာ ဖြစ်သည်။
မည်သည့် သောင်းကျန်းသူကမျှ ၎င်းတို့ သဘောဆန္ဒဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်လာမည် မဟုတ်၍ အစိုးရအနေဖြင့် လွတ်ငြိမ်းခွင့်ပေးမည့် ကတိကဝတ်များနှင့် အလုပ်အကိုင် လေ့ကျင့်သင်ကြားမှုများဖြင့် ကမ်းလှမ်းရမည်ဖြစ်သည်။
ထို့ပြင် ပြည်သူလူထု မပါဘဲ မည်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကမျှ အောင်မြင်မည် မဟုတ်ဆိုသည့် အချက်ကို လည်း အစိုးရအနေဖြင့် သတိချပ်ရမည်ဖြစ်သည်။
အာဏာပိုင်များ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အကျိုးလို၍ ညောင်ရေလောင်းသည့် ပုံစံမျိုဖြင့် ရှုမြင် နေခြင်းကို ရပ်တန့်ရမည်ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံတောင်ပိုင်းတွင် နေထိုင်သူများ၏ ခိုင်မာသည့် အားပေးထောက်ခံမှုကို ရရှိရန် လိုအပ် သည်။
လူထု၏ ယုံကြည်မှုကို မြှင့်တင်ခြင်းမပြုဘဲ နိုင်ငံတောင်ပိုင်းဒေသမှ မတည်ငြိမ်မှုများကို ဖြေရှင်းမည့် အစိုးရ၏ အစီအစဉ်များသည် အလှမ်းကွာဝေးနေဦးမည်သာဖြစ်သည်။
Source: ဘန်ကောက်ပို့စ်