CNI Sport Article

၂၀၂၅ ခုနှစ်၊ မတ်လ ၂

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာကတည်းကနေ အခုအချိန်ထိ အသင်းအတွက် မရှိမဖြစ် အလွန်အရေးပါတဲ့ ကစားသမား ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ 

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ဝေဖန်မှု အခံရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် သူကတော့ အသင်းအတွက်သာ အကောင်းဆုံး အာရုံစိုက်နေတဲ့သူပါ။ 
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်အသင်းဟာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်လောက် အသင်းအပေါ် အကျိုးပြုနိုင်တဲ့ ကစားသမားဟာ လက်ချိုးပြီးရေတွက်လို့ရပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကစားတဲ့ ပွဲတိုင်းကို ပါဝင်ကစားချင်ပြီး ပွဲတိုင်းကိုလည်း ရေကုန် ရေခမ်းကစားတဲ့ ကစားသမားမျိုးပါ။ လက်ရှိအချိန်မှာ ဘရူနိုဖာနန်ဒက်စ်လောက် အသင်းအပေါ် ပေးဆပ်ပြီး ကစားတဲ့ ကစားသမားတွေဟာ နည်းပါးနေတာဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်တွေ အားမလိုအားမရ ဖြစ်တာကြောင့် စိတ်ပျက်လက်ဖြစ်တဲ့ သူ့ရဲ့ခန္ဓာကိုယ် ဘာသာစကားကိုတော့ ဘောလုံးပွဲ ဝေဖန်သူတွေနဲ့ ကစားသမားဟောင်းတွေက နှစ်သက်မှု မရှိကြပါဘူး။ 

ဒါပေမယ့် ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်တဲ့ နည်းပြတိုင်းရဲ့အဓိက ကစားသမား အဖြစ် အမြဲတမ်းရှိနေမယ့် စွမ်းဆောင်ရည်ကို ပြသနေတာဖြစ်ပါတယ်။ 

ဒီနေ့ခေတ် ဘောလုံးလောကမှာ ကစားသမား အများအပြားဟာ ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူ နေကြပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ ဒဏ်ရာကြောင့် လွဲချော်တဲ့ပွဲက အလွန်နည်းပါးခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာရနေရင်တောင် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးဖို့ အကောင်းဆုံး ကြိုးစားတဲ့သူဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ပါဝင်ကစားတဲ့ ပွဲတိုင်းတော့ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ အလွဲလွဲ အချော်တွေရှိနေပေမယ့် ယူနိုက်တက်အသင်းဟာ သူ့အပေါ် မှီခိုနေရတယ်ဆိုတဲ့ အချက်တွေတော့ ရှိနေတာပါ။ 

အနီးစပ်ဆုံးပြောရရင် အစ်စဝှစ်ချ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း ရရှိခဲ့တဲ့ ၃ ဂိုးစလုံးဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ တည်ကန်ဘောတွေ ကနေတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေထဲမှာ ၂၃ ဂိုး ပါဝင်ပတ်သက်မှုရှိခဲ့တာပါ။

အာဆင်နယ်အသင်း ကစားသမားဟောင်း အီယန်ရိုက်က ဘရူနိုသာမရှိရင် ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန် မှာ တိုက်ပွဲဝင်နေရမယ်လို့ မှတ်ချက်ပေးထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရပ်တည်နေတာကြောင့် ဘရူနိုဖာနန်ဒက်စ်က သူအပါအဝင် အသင်းမှာရှိတဲ့သူတွေ အားလုံးကို ဒီထက်ပိုပြီး လုပ်ပေးနိုင်ဖို့ တောင်းဆိုထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေပေမယ့် လာမယ့်ရာသီ အသင်းရဲ့ပြုပြင်ပြောင်းလဲမှုမှာ ဆက်ရှိ/မရှိဆိုတာက စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်အသင်းအတွက် အရာအားလုံးကိုပေးတဲ့ ဘရူနိုဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ထိန်းပေးဖို့ တောင်းဆိုသူတွေရှိသလို သူ့ကိုရောင်းချဖို့ တောင်းဆိုတဲ့သူတွေကလည်း ရှိနေပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အတွက်ပဲ သူရဲ့ခေါင်းထဲမှာ ရှိနေတာပါ။ 

အသက် ၃၀ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် လက်ရှိအချိန်အထိ ၂၇၂ ပွဲ ပါဝင်ကစားထားပြီး ၈၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ထားပါတယ်။ 

ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ ကာရာဘောင်းဖလားတို့ကို ရယူထားနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ အသင်းကို ရာသီကုန်ချိန်မှာ အရင်နှစ်တွေကလို ဆုဖလားအောင်မြင်မှုတွေ ရယူပေးဖို့ ဦးဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။