CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားတွေကို ဇွန်လ ၁၈ ရက်က ထုတ်ပြန်ခဲ့တာမှာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပွဲစဉ် အစောပိုင်းတွေမှာတင် ပွဲကြပ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးထားတာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာတင် ပြိုင်ဘက်ကြီး အာဆင်နယ် အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံရမှာက ယူနိုက်တက်အသင်းအတွက် အလွန်ခက်ခဲတဲ့ စတင်မှုဖြစ်မှာပါ။
ပရီးမီးယားလိဂ် ပွဲစဉ်ဇယားကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွေမှာ ရလဒ်အကောင်းဆုံး အသင်းအဖြစ် စံချိန်တင်ထားသလို အိမ်ကွင်းမှာ ကစားရမယ့် ပွဲဖြစ်တာကြောင့် ရလဒ်ကောင်း ရယူနိုင်ဖို့ ကြိုးစားဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၂ မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်း၊ ပွဲစဉ် ၃ မှာ ဘန်လေကို အိမ်ကွင်းကစားရမှာဖြစ်ပြီး ပွဲစဉ် ၄ မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း အိမ်ကွင်း သွားရောက်ကစားရမှာပါ။
ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေဆိုးပြီး ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ဒီနွေရာသီမှာ ကစားသမားသစ်တွေ အားဖြည့်ထားပြီး ပြင်ဆင်မှု ကောင်းတွေ ပြုလုပ်နေတဲ့ မန်စီးတီးအသင်းနဲ့ ကစားရမှာက ယူနိုက်တက်အသင်း အတွက် ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်မှာပါ။
မန်စီးတီးအသင်းနဲ့ပွဲပြီးရင် ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၅ မှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲက ယူနိုက်တက်အသင်းအတွက် နောက်ထပ်ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်ပြီး နည်းပြအာမိုရင် အနေနဲ့ ဒီပွဲစဉ် ၅ ပွဲမှာ အသင်းကို ရမှတ်ဘယ်လောက်အထိ ရရှိအောင် ကိုင်တွယ်ပေးနိုင်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြ တာပါ။
ယူနိုက်တက်အသင်း ပရိသတ်အချို့ဆိုရင် ပွဲစဉ် ၅ အပြီးမှာ အသင်းရဲ့ နည်းပြအပြောင်းအလဲ မြင်တွေ့ရနိုင် တယ်လို့တောင် သူတို့ရဲ့လှုမှုကွန်ယက်မှာ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၈ မှာ လက်ရှိချန်ပီယံ လီဗာပူးလ်၊ ပွဲစဉ် ၁၁ မှာ စပါးအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်တာကြောင့် သူတို့အတွက် နောက်ထပ် ဆိုးရွားတဲ့ ရာသီတစ်ခုနဲ့ မစတင်ရဖို့ အားထုတ်ကြိုးပမ်းရတော့မှာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ပြည်တွင်း ပြိုင်ပွဲတွေကိုသာ အဓိက အာရုံစိုက်ရမှာဖြစ်သလို နည်းပြအာမိုရင် အနေနဲ့ အသင်းကို ရာသီကြို ကတည်းကနေ စတင်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာအပြီးမှာ စူပါကွန်ပျူတာက နောက်ဆုံးအဆင့် ရပ်တည်မှုကို ခန့်မှန်းခဲ့ပါတယ်။
စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုအရ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာနဲ့ ရာသီအဆုံးသတ်မယ်လို့ ဖော်ပြထားတာပါ။
ဒီလိုခန့်မှန်းမှုကို ကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာလည်း ထပ်ပြီးရုန်းကန်ရမယ်လို့ ယူဆထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဝုလ်ဗ်စ်အသင်းက ကွန်ညာကို ခေါ်ယူထားပြီး ဘရန်ဖို့ဒ်အသင်းက အမ်ဘူမို အပါအဝင် ကစားသမား အချို့ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားစောင့်ကြည့်နေတာပါ။
နည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူလိုချင်တဲ့ ကစားကွက်ပုံစံကို ဖော်ဆောင်ဖို့ လုပ်ဆောင်မှာဖြစ်လို့ သူ့ရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတဲ့ ကစားသမားအချို့ကို ရှင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ သြဂုတ်မှာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် မယှဉ်ပြိုင်မီ ဇူလိုင် မှာ ရာသီသစ်အတွက် ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကာ ပြင်ဆင်မှုတွေ ပြုလုပ်မှာဖြစ်လို့ အသင်းရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။