CNI Article
၂၀၂၅ ခုနှစ် ၊ ဇွန်လ ၁၄
မကြာသေးမီက မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော် အစိုးရခေါင်းဆောင် များသည် မြင့်တက်လာသည့် ပြည်တွင်း၊ပြည်ပ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ၎င်းတို့သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် ပါဝင်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင် အထည်ဖော်ရန် ဆက်လက် လုပ်ဆောင်နေသည်။
ထိုအစီအစဉ်၏ အရေးအကြီးဆုံး အချက်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်း ကြား အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲ ပြုလုပ်မည့် အကြောင်းကို အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို ကတိပြုခဲ့သည်။
တပ်မတော်အတွက် ထိုရွေးကောက်ပွဲသည် အလွန်အရေးကြီးသည်ဟု ယူဆနိုင်သည်။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ မည်ဆိုပါက တပ်မတော်၏ တရားဝင်မှုသည် ပိုမိုခိုင်မာ လာလိမ့်မည်ဟု ယူဆနေကြသည်။
အခြားနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဆိုသည့် အချက်ကို တပ်မတော် ခေါင်းဆောင်များက သိထားကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၈၀ အထိ ရှိလာခဲ့ပြီး ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်မည့် ပါတီအရေအတွက် ပိုမိုများပြား လာဖွယ်ရှိသည်။
မည်သို့ပင်ဆိုစေ မဲဆန္ဒရှင်များ၏ လုံခြုံရေးအတွက် ရွေးကောက်ပွဲများကို တပ်မတော်က ထိန်းချုပ်ထားသည့် နေရာဒေသများတွင်သာ ပြုလုပ်ရန် စီစဉ်ထားကြောင်း တပ်မတော်မှ ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံ၏ မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့နယ်တွင်သာ ရွေးကောက်ပွဲ မဲရုံများ ဖွင့်နိုင် လိမ့်မည်ဟု ယူဆထားကြသည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သည့် သတင်းများအရ လက်ရှိတွင် တပ်မတော်သည် နိုင်ငံ့နယ်နိမိတ် စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ကျန်နယ်နိမိတ်များကို လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားကြောင်း ဖော်ပြခဲ့သည်။
တပ်မတော်သည် အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေကို ၆ လတစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ ယခုနောက်ဆုံးအကြိမ် အရေးပေါ် အခြေအနေ ကာလသည် ဇူလိုင် ၃၀ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ လာမည့်ရွေးကောက်ပွဲများ အတွက် ပြင်ဆင်ရန် တပ်မတော်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်တွင် အရေးပေါ်ကာလကို ဖျက်သိမ်းရန် စီစဉ်ထားသည်ဟု ဆိုသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ဦးမြင့်ဆွေ ကို အကြီးအကဲအဖြစ် ခန့်အပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လက်ထက်က ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးမြင့်ဆွေသည် တပ်မတော်နှင့် ဆက်ဆံရေးနီးစပ်သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဖြစ်သည်။
သူသည် ရွေးကောက်ပွဲမတိုင်မီ အခြေအနေ အရပ်ရပ်ကို စီမံလိမ့်မည်ဖြစ်ပြီး စစ်တပ်နှင့် အနာဂတ် အရပ်ဖက် ခေါင်းဆောင်များကြား အချိတ်အဆက် တစ်ခုအဖြစ် တာဝန်ယူသွားဖွယ်ရှိသည်ဟု ဆိုသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနက် ပါတီ ၅ ခုသည် အခြားပါတီများကို လွှမ်းမိုးထားသည်။
အင်အားအကြီးဆုံးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်သည်။
အခြား ထင်ရှားသည့် ပါတီတစ်ခုမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီဖြစ်ပြီး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပြည်သူ့ပါတီ(PP)နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနေဝင်း ထူထောင်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)တို့သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ ဒေသများတွင် အနိုင်ရရှိဖွယ်
ရှိသည်။
နိုင်ငံရေးသမားဟောင်း အချို့ဖြစ်သည့် ဒေါ်သက်သက်ခိုင်၊ ကိုကိုကြီးတို့သည်လည်း နိုင်ငံရေးလောကထဲသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။
မကြာသေးမီက နစကသည် ရွေးကောက်ပွဲ ပြုလုပ်နိုင်မည့် နေရာများကို ဆုံးဖြတ်ရန် လူဦးရေစာရင်း ကောက်ယူခဲ့ သည်။
ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြုလုပ်မည်ဟု နစက,က ပြေကြားခဲ့သည်။
ထိုအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။ ထို ၂၅ ရာခိုင်နှုန်း နေရာ အတွက် မဲဆန္ဒရှင်များက ရွေးချယ်ခြင်းမဟုတ်ဘဲ စစ်ဖက် ထိပ်သီးခေါင်းဆောင်က ရွေးချယ်သည့် အရာရှိများက နေရာရရှိမည်ဖြစ်သည်။
အခြားနိုင်ငံများကလည်း တပ်မတော်၏ ရွေးကောက်ပွဲ အစီအစဉ်ကို မတူကွဲပြားစွာ တုန့်ပြန်ခဲ့ကြသည်။
အိန္ဒိယ၊ တရုတ်၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရေးကို စိတ်ဝင်စားကြောင်း ပြသခဲ့သည်။
အာဆီယံကမူ ထိုကိစ္စကို ဆွေးနွေးရခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲသည် ဘက်စုံပါဝင်ပြီး လွတ်လပ် မျှတမှု ရှိရမည်ဟု အလေးထား ပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံကမူ တိုက်ခိုက်မှုများကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
မလေးရှားသည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့ပြီးကတည်းက မြန်မာနိုင်ငံက ဦးဆောင်သည့် ဘက်စုံပါဝင် သော လုပ်ငန်းစဉ်တစ်ခု ဖြစ်မြောက်စေရန် ထိုင်းနိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim ) သည် မကြာသေးမီက ဘန်ကောက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် NUG ခေါင်းဆောင်များနှင့်လည်း ဗွီဒီယိုကော ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း အာဆီယံသည် အခြားမတူညီသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလက စတင်ခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် လုပ်ငန်းစဉ်သည်လည်း အရှိန်ရလာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
သို့သော် တပ်မတော်က ငြိမ်းချမ်းရေး အစီအစဉ်ကို တစ်စိတ်တစ်ပိုင်းသာ အကောင်အထည်ဖော်ခဲ့ကာ ကူညီထောက်ပံ့ရေး အဖွဲ့များသည်လည်း ပဋိပက္ခဖြစ်ပွားနေသည့် နေရာဒေသများသို့ သွားရောက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
ဇွန်လတွင် အဆုံးသတ်မည့် အပစ်အခတ်ရပ်စဲရေး ကာလသည် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေး အားထုတ်ကြိုးပမ်းမှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ခဲ့သည်။
တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ပိုမိုချဲ့ထွင်ရန် သဘောတူညီမည်ဆိုပါက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ ပေးနိုင်မည်ဖြစ်ကာ အာဆီယံကလည်း အဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ၏ နေရာကို ပြန်လည်စဉ်းစားပေးဖွယ်ရှိသည်။
ထိုလုပ်ဆောင်ချက်များသည် ကောင်းမွန်သည့် ယုံကြည်မှုကို ပြသနိုင်မည်ဖြစ်ပြီး အာဆီယံထိပ်သီး အစည်းအဝေး များတွင် မြန်မာကို ပြန်လည်ပါဝင် လာစေရန်အတွက် အလှည့်အပြောင်း တစ်ခုဖြစ်လာနိုင်သည်။
နောက်လာမည့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အတွက်မူ တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ် အငြင်းပွားမှုကို ရင်ဆိုင်နေရချိန်၌ မြန်မာ့အရေးကို စီမံဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ဖိလစ်ပိုင်အတွက် အာဆီယံအဖွဲ့ဝင်အားလုံး စည်းလုံညီညွတ်မှုကို ရရှိရန် ဘုံသဘောတူညီချက် ၅ ချက် ပါဝင် သည့် ငြိမ်းချမ်းရေး အစီအစဉ်တွင် ထိထိရောက်ရောက် တိုးတက်မှုရှိအောင် လုပ်ဆောင်ရန် သဘောတူညီ ရမည်ဖြစ်သည်။
ထို့ကြောင့် မလေးရှား၏ ဥက္ကဋ္ဌသက်တမ်း မကုန်မီ ကျန်ရှိနေသည့် အချိန်အတွင်း မြန်မာအနေဖြင့် အာဆီယံ အသိုင်းအဝိုင်းသို့ ပြန်လည်ရောက်ရှိရန် အလွန်အရေးကြီးသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးသံတမန် ရွေးချယ်ခန့်အပ်ရခြင်း မရှိသေးပေ။
အချို့အာဆီယံအဖွဲ့ဝင်များကမူ သံတမန် ၂ ဦးခန့်အပ်ရန် အကြံပြုထားပြီး တစ်ဦးက တပ်မတော်နှင့် ဆက်ဆံရန်၊ အခြားတစ်ဦးက NUG နှင့် အခြားအတိုက်အခံ အဖွဲ့များနှင့် ဆက်ဆံရန် အကြံပြုထားသည်။
အောက်တိုဘာလတွင် အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် ထည့်သွင်းမှုသည် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်အတွက် နောက်ထပ် ရှုပ်ထွေးသော အလွှာတစ်ခုဖြစ်ခဲ့သည်။
မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေကတည်းက တိုင်းရင်းသားအုပ်စု များ၊ လူမှုအဖွဲ့အစည်းများနှင့် အတိုက်အခံပါတီများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေအောင် လုပ်ဆောင်ရန် လိုအပ်သည်။
လက်နက်ကိုင်ပဋိပက္ခများနှင့် အင်အားပြင်း ငလျင်များ လှုပ်ခတ်အပြီး ရွေးကောက်ပွဲသည် အရွေ့တစ်ခု ဖြစ်လာ နိုင်ပြီး ဆွေးနွေးညှိနှိုင်းရေးများအတွက် လမ်းပွင့်သွားစေမည်ဟု တပ်မတော်က မျှော်လင့်ထားသည်။
မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် အာဆီယံအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် ဆက်လက်ပြီး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်