တပ်သားသစ်စုဆောင်းမှု အခက်တွေ့နေတဲ့ အင်ဒိုစစ်တပ်

CNI International Article

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂

အင်ဒိုနီးရှားနိုင်ငံတွင် Generation Y နှင့် Generation Z ဟု သတ်မှတ်ထားသည့် လူငယ်များကို တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးရာတွင် စစ်တပ်အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အဘယ်ကြောင့်ဆိုသော် မျိုးဆက်သစ် လူငယ်များသည် ယခင်မျိုးဆက်များနှင့် မတူညီသည့် စိတ်နေစိတ်ထား များ၊ အမူအကျင့်များနှင့် ရည်မှန်းချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်။

ဒစ်ဂျစ်တယ်ခေတ်တွင် မွေးဖွားခဲ့သည့် ထိုတပ်သားသစ်များသည် စမတ်ဖုန်းများနှင့် လူမှုမီဒီယာများကို မှီခိုလွန်း အားကြီးနေပြီး နည်းပညာတွင် အားသာချက်များ ရှိနေသော်လည်း စစ်မှုထမ်းရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းတွင် အားနည်းနေသည်ဟု စစ်တပ်အရာရှိများက ပြောကြားခဲ့သည်။

Generation Y မျိုးဆက်သည် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားသူများဖြစ်ပြီး Generation X မျိုးဆက် သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကြား မွေးဖွားသူများဖြစ်သည်။

လူငယ်စစ်သားအချို့သည် သက်သောင့်သက်သာ နေထိုင်လိုခြင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ပိုမိုတောင်းဆို နေသဖြင့် စစ်သားတစ်ဦးတွင် ရှိရမည့် တင်းကျပ်သည့် စည်းကမ်းနှင့် အမိန့်နာခံမှု အပိုင်းတွင် အခက်အခဲများ ဖြစ်နေသည်ဟု ဆိုသည်။

“ဒီနေ့ခေတ် လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တဲ့ ပြဿနာဟာ တကယ်စိုးရိမ် ရပါတယ်။ အင်ဒိုနီးရှား စစ်တပ်ရဲ့ စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ လေ့ကျင့်မှုပုံစံတွေကို ချမှတ်ရပါမယ်” ဟု တပ်သားသစ် လေ့ကျင့်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုပြဿနာကို ဖြေရှင်းရန် အင်ဒိုနီးရှားစစ်တပ်သည့် စစ်သင်တန်းလေ့ကျင့်သည့် ပရိုဂရမ်များကို ပြန်လည် သုံးသ်နေသည်။

ပုံစာ- အင်ဒိုနီးရှား စစ်မှုထမ်းတွေကို တွေ့ရစဉ်

အရာရှိများကိုလည်း မျက်မှောက်ခေတ်နှင့် ကိုက်ညီမှုရှိသည့် လေ့ကျင့်မှု ပုံစံများနှင့် ချဉ်းကပ်ဆောင်ရွက်ရန်၊ တစ်ချိန်တည်းမှာပင် သစ္စာစောင့်သိမှု၊ မျိုးချစ်စိတ်ဓာတ်၊ ပရော်ဖက်ရှင်နယ် စိတ်ဓာတ် အပါအဝင် စစ်တပ်၏ စံတန်ဖိုးများကိုလည်း လျော့ပါးစေခြင်းမရှိအောင် လုပ်ဆောင်ကြရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

အင်ဒိုနီးရှားစစ်တပ်သည် "ပြည်သူ့စစ်တပ်"၊ "စစ်သည်တော် စစ်တပ်"၊ "အမျိုးသားစစ်တပ်" နှင့် "ပရော်ဖက်ရှင် နယ် စစ်တပ်" ဟူသည့် မူဝါဒလေးခု အပေါ်တွင် အခြေခံထားပြီး ထိုမူဝါဒများကို မျိုးဆက်သစ် လူငယ်များထံ လက်ဆင့်ကမ်းပေးရမည်ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

လက်ရှိတွင် စစ်သင်တန်း လေ့ကျင့်မှုများကို ဒစ်ဂျစ်တယ် သင်ထောက်ကူ ပစ္စည်းများပါ ထည့်သွင်းပြီး လေ့ကျင် လျက်ရှိသည်။ တပ်သားသစ်များသည် မျက်မှောက်ခေတ် နည်းပညာများကို မည်သို့ အသုံးချရမည်ဆိုခြင်းကို လည်း သင်ယူနေကြသည်။

ထိုကဲ့သို့ စစ်တပ်အတွင်း စိုးရိမ်မှုများ မြင့်တက်နေသည့်တိုင် အင်ဒိုနီးရှား စစ်တပ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှုသည် မြင့်မားနေဆဲဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက ကောက်ခံခဲ့သည့် စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းက အင်ဒိုနီးရှားစစ်တပ်အပေါ် ယုံကြည်အားကိုးကြောင်း ဖြေကြားခဲ့ပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့် နှစ်ကထက် မြင့်တက်ခဲ့သည်။

 သို့သော် စစ်တပ်အနေဖြင့် လူထု၏ ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပြီး ဆိုက်ဘာကာကွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားစစ်တပ်သည် ဒရုန်းများ၊ ဂြိုဟ်တုများနှင့် ဆိုက်ဘာလုံခြုံရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် စစ်တပ်ကို အဆင့်မြှင့်တင်မွမ်းမံရန် စီစဉ်ထားသည်။

အင်ဒိုနီးရှားစစ်တပ်တွင် တန်းပြည့် စစ်မှုထမ်း အင်အား ၄၀၀,၀၀၀ ခန့်ရှိပြီး အရှေ့တောင်အာရှ၏ အကြီးဆုံး စစ်တပ်များထဲတွင် ပါဝင်သည်။

ပုံစာ- အင်ဒိုနီးရှား စစ်မှုထမ်းတွေကို တွေ့ရစဉ်

မကြာသေးမီ နှစ်များအတွင်း အင်ဒိုနီးရှားစစ်တပ်သည် ဆိုက်ဘာတပ်ဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့သည်။

ထို့နောက်စစ်တပ်သည် ဆိုက်ဘာစစ်ဆင်ရေးများနှင့် ဒစ်ဂျစ်တယ် ခြိမ်းခြောက်မှုများကို ပိုမိုအာရုံစိုက် လုပ်ဆောင် ရန်အတွက် IT နည်းပညာရှင်များကို တပ်သားသစ်အဖြစ် စုဆောင်းခဲ့သည်။

ထိုဆိုက်ဘာတပ်ဖွဲ့များ၏ ရည်ရွယ်ချက်မှာ အွန်လိုင်းပေါ်တွင် ပြည်ပ၏ ကြားဝင်စွက်ဖက်မှု အပါအဝင် အမျိုးသား အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဆိုက်ဘာတပ်ဖွဲ့များကို စီမံကိုင်တွယ်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဒီမိုကရေစီ အခွင့်အရေး များကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှုများ ရှိရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကြီးကြပ်မှု ညံ့ဖျင်းသော ဆိုက်ဘာစီမံကိန်းများသည် အရပ်သားများကို ကြားဖြတ်စောင့်ကြည့်သည့် ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ချိုးဖောက်နိုင်ကြောင်း ဝေဖန်သူများက သတိပေးထားသည်။

လက်ရှိတွင် အင်ဒိုနီးရှားစစ်တပ်သည် လူငယ်စစ်သားများအတွက် လေ့ကျင့်ရေး အစီအစဉ်များကို ပြင်ဆင်နေ သည်။

“သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲပစ်ရပါမယ်။ ခွန်အားရှိရုံနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ နိုင်ငံအတွက် ကောင်းမွန်စွာ စစ်မှုထမ်းဆောင်ပေးဖို့ အတွက်လည်း ပြင်ဆင်ရပါမယ်” ဟု စစ်တပ်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

Source: Nikkei Asia