CNI Sport Article

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ၂၀၂၇ ခုနှစ်ရာသီ ကုန်အထိရှိမယ့် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

အဲဒါကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့အသက် ၄၂ နှစ်ပြည့်မွေးနေ့ကို ကျော်လွန်ပြီး အယ်လ်နာဆာအသင်းမှာ ဆက်ရှိ တော့မှာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ စံချိန်တင် လုပ်ခလစာကိုလည်း ရရှိမှာဖြစ်လို့ ဘောလုံးသမိုင်းမှာ လုပ်ခလစာ အကောင်းဆုံး ကစားသမားအဖြစ် ဆက်ပြီးရှိနေဦးမှာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ နောက်ဆုံးပွဲစဉ်မှာ အယ်လ်နာဆာအသင်းကနေ ထွက်ခွာနိုင်တဲ့ အရိပ်အမြွက်ကို ပြောခဲ့တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်ခဲ့တာပါ။ 

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှု မရခဲ့တာကြောင့် ရော်နယ်ဒိုဟာ အတော်လေး စိတ်ပျက်ခဲ့တယ်ဆိုတာ သိသာခဲ့ပါတယ်။

ရော်နယ်ဒို စာချုပ်သစ်ချုပ်ဆိုလိုက်စဉ်

အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကနေ ထွက်ခွာပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆို တာ အားလုံးက စိတ်ဝင်စားခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ဒါတွေကို ပယ်ချခဲ့ပြီး အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် "အခန်းကဏ္ဍသစ်တစ်ခု စတင်ပါပြီ။ တူညီတဲ့ စိတ်အားထက်သန်မှု၊ တူညီတဲ့အိပ်မက်။ သမိုင်းဝင်ဖို့ အတူတူ လက်တွဲလုပ်ကြရအောင်"လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ အများကြီး ရယူထားပေမယ့် အခုအချိန်ထိ ဆုဖလားတွေ ရယူနိုင်ဖို့ ဆာလောင်မှု ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ဆုဖလားတွေ ရယူပေးဖို့ ရောက်ရှိလာပေမယ့် အသင်းဟာ သူ့ရဲ့ မျှော်လင့်ချက်တွေနဲ့ အနည်းငယ် ဝေးကွာနေပြီး အခုအချိန်ထိသူဟာ အာရပ်ကလပ် ချန်ပီယံဖလားသာ ရရှိထားတာပါ။

ရော်နယ်ဒိုဟာ သူ့ရဲ့လက်ကျန် ကစားသမားဘဝမှာ အဓိက ရည်မှန်းချက်ထားရှိတဲ့ အရာတွေရှိပြီး ဒီရည်မှန်း ချက်တွေကတော့ အယ်လ်နာဆာအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့၊ ပေါ်တူဂီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး ရည်မှန်းချက် တစ်ခုဖြစ်တဲ့ အယ်လ်နာဆာအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ လာမယ့်ရာသီမှာ ပစ်မှတ်ထားနေတာပါ။ 

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့လို့ လာမယ့်ရာသီ အာရှချန်ပီယံလိဂ် ထိပ်တန်းအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘဲ အာရှချန်ပီယံလိဂ် ဒုတိယအဆင့်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို အာရှချန်ပီယံလိဂ် ဒုတိယအဆင့်နဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ ရည်မှန်းချက်ထားနေတာပါ။

ပြီးတော့ ရော်နယ်ဒိုဟာ ရာသီသစ်မှာ နည်းပြသစ်နဲ့ လက်တွဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၉၃၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိ လာပြီးကတည်းက ၁၁၁ ပွဲ ပါဝင်ကစားထားပြီး ၉၉ ဂိုး သွင်းယူထားတာပါ။ 

ရော်နယ်ဒို အနေနဲ့ လာမယ့်ရာသီမှာ သူပြည့်မြောက်ချင်တဲ့ ရည်မှန်းချက်တွေထဲက အချို့ကို အကောင်အထည် ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။