CNI Sport Article 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ပိုင်ဆိုင်ထား ပေမယ့် သူ့ရဲ့ကလပ် ကစားသမားဘဝမှာ နောက်ထပ် ဆုဖလား ရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာဟာ ကြာရှည် နေခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဘုရင့်ဖလားပြိုင်ပွဲမှာ အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရတာကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီမှာ အဓိက ဆုဖလားတွေ ရယူနိုင်ဖို့ ဝေးကွာနေတာပါ။ 

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက အာရပ်ကလပ် ချန်ပီယံများဖလား ပြိုင်ပွဲမှာ ဆုဖလား ရယူထားနိုင်ပေမယ့် ဒီဆုဖလားကို အဓိကဖလားလို့ သတ်မှတ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ်မှာ အခုထိ အဓိကဆုဖလား ရယူနိုင်ခြင်း မရှိသေးဘူးလို့ ပြောရမှာ ပါ။ 

အချက်အလက်တွေအရ ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘဝမှာ အဓိကဆုဖလား မရရှိတာ ၅ နှစ်ကြာခဲ့ပြီ လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ချိန်က ကိုပါအီတာလီယာဖလား ရယူနိုင်ခဲ့တာဟာ သူ့ရဲ့ ကလပ် ကစားသမားဘဝမှာ နောက်ဆုံးရယူနိုင်ခဲ့တဲ့ အဓိကဆုဖလား ဖြစ်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို ကစားခဲ့စဉ်

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဆုဖလား မရခဲ့သလို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ အဓိကဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ မဖြစ်ခဲ့ပါဘူး။ 

ဒီရာသီမှာ အယ်လ်နာဆာအသင်းရဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေကြောင့် ရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက် ဟာ ပိုပြီးအားကောင်းလာခဲ့တာပါ။ 

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဆုဖလားတစ်ခုကို စောစီးစွာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက်မှာ ကစားခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၃ ခုစလုံး ဆုဖလား ရယူနိုင်ခဲ့ခြင်း မရှိတာပါ။ 

အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ အဓိကဆုဖလား မရရှိတာကို အဆုံးသတ်ဖို့ စိတ်အား ထက်သန်နေသလို ရော်နယ်လ်ဒိုကလည်း ကလပ်ကစားသမားဘဝမှာ နောက်ထပ် အဓိကဆုဖလား ရရှိဖို့အတွက် ကြာရှည်စွာ စောင့်ဆိုင်း နေရတာကို အဆုံးသတ်ချင်နေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားတွေအဖြစ် ဆော်ဒီပရိုလိဂ်နဲ့ AFC Champions League Two ပြိုင်ပွဲတွေသာ ရှိတော့တာပါ။

အယ်လ်နာဆာအသင်းဟာ ဒီပြိုင်ပွဲ ၂ ခုစလုံးမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ထိပ်ဆုံးနေရာတွေကနေ ဦးဆောင်ထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဒီဆုဖလား ၂ ခုစလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းနဲ့ အဓိက ဆုဖလားတွေ ရယူဖို့၊သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် ပြည့်မြောက်အောင် သွင်းဂိုးတွေ သွင်းယူဖို့၊ ပေါ်တူဂီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဖို့ ရည်မှန်း ထားပါ တယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလား ကိုင်မြှောက်ပြီး သူ့ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုကို ပြည့်မြောက်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။