CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ဆန့်ကျင်မှုပြု လုပ်နေတာတွေကို အဆုံးသတ်ပြီး အသင်းရဲ့ ပွဲတွေကို ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ကစားသမားဟာ အယ်လ်ရီယက်ဒ်နဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲတွေမှာ အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာပါ။
အခုအချိန်မှာတော့ ရော်နယ်လ်ဒိုဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကစားမယ့် အယ်လ်ဖာတက်အသင်းနဲ့ပွဲကို ပြန်ပါဝင်ပြီး ကစားတော့မှာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အာရှချန်ပီယံလိဂ် ၂ ပွဲစဉ်အတွက် အယ်လ်နာဆာအသင်းရဲ့ ပြင်ဆင်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာအသင်းအပေါ် PIF (ဆော်ဒီအချုပ်အခြာအာဏာပိုင် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေ) အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို စိတ်ပျက်တာကြောင့် ပြီးခဲ့တဲ့ ၂ ပွဲကို မပါဝင်ခဲ့ပေမယ့် သူ့ရဲ့ တောင်းဆိုမှုတွေကို PIF က ဖြည့်ဆည်းပေးခဲ့ပြီးနောက် ကွင်းထဲပြန်လာဖို့ သဘောတူခဲ့တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
အုပ်ချုပ်ရေးအဖွဲ့ဟာ အယ်လ်နာဆာအသင်းရဲ့ နောက်ကျနေတဲ့ လစာတွေကို ပေးချေခဲ့သလို ကလပ်ရဲ့ ထိပ်တန်း အမှုဆောင်အရာရှိချုပ်တွေကို စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လည်ပေးအပ်ခဲ့တာကြောင့် ရော်နယ်လ်ဒိုဟာ အသင်းအတွက် ပြန်ပြီးကစားသွားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် PIF က သူတို့ရဲ့တာဝန်ကို ဆိုင်းငံ့ထားတဲ့ အားကစား ဒါရိုက်တာ ဆီမာအိုနဲ့ CEO ဆီမီဒိုတို့ဟာ အယ်လ်နာဆာအသင်းမှာ သူတို့ရဲ့တာဝန်ကို ပြန်လည် လုပ်ဆောင်ခွင့်ရရှိခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲ ကစားထားပြီး ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
Source: ESPN
