CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၄

အယ်လ်နာဆာအသင်းက အယ်လ်နာဂျ်မာအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ဒဏ်ရာကနေ ပြန်ပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။ 

တံကောက်ကြောဒဏ်ရာကြောင့် ၁ လကျော်ကြာ အနားယူခဲ့ရတဲ့ ရော်နယ်လ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်း ရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်ပြီးပါဝင်လာခဲ့တာပါ။ 

အသက် ၄၁ နှစ်အရွယ်ရှိ ကစားသမားဟာ ပွဲချိန် ၅၆ မိနစ်မှာ ပယ်နယ်တီကနေ သွင်းယူခဲ့ပြီး ၇၃ မိနစ်မှာ နောက်ထပ် သွင်းဂိုးတစ်ဂိုး ထပ်ပြီး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သွင်းဂိုး ၂ ဂိုးကြောင့် ကစားသမားဘဝ သွင်းဂိုး စုစုပေါင်း ၉၆၇ ဂိုးရှိလာခဲ့ပြီး သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ၃၃ ဂိုးသာ လိုအပ်တော့တာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဂျ်မာအသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်း ကစားသမားဟောင်း မာနေးကလည်း အယ်လ်နာဆာအသင်း အတွက် ၂ ဂိုး သွင်းယူခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုက ပွဲအပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြန်လာရတာ ကောင်းမွန်ပြီး အတူတကွ ရှေ့ဆက်သွားကြမယ်လို့ ရေးသားခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းထက် ၁ ပွဲ ပိုကစားပြီး ရမှတ် ၆ မှတ်အသာနဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒို အတွက်တော့ အယ်လ်နာဆာအသင်း ကစားသမားဘဝမှာ ပထမဆုံး အဓိကဆုဖလား တစ်ခု ရယူနိုင်ဖို့ အခြေအနေ ကောင်းနေတာပါ။ 

ရော်နယ်လ်ဒိုဟာ ဖေဖော်ဝါရီ ၂၈ ရက်က ကစားခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် မက်ဒရစ်ထံ သွားရောက်ကာ ကုသမှုခံယူခဲ့ရတဲ့အတွက် အယ်လ်နာဆာအသင်းရဲ့ လိဂ် ၃ ပွဲကို လွဲချော်ခဲ့သလို ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေ ကိုလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၃ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးစာရင်း မှာ အိုင်ဗန်တိုနေးနဲ့ ၂ ဂိုးအကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: ESPN