CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၄
 
ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာနိုင်ငံသို့ ဖြတ်သန်း ဝင်ရောက်နိုင်သည့်အတွက် ပြည်သူလူထုအား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့်အတူ အကူအညီလိုအပ်နေသူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် လေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်တို့ကို အသင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်ထားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
 
ယနေ့ (မေလ ၁၄ ရက်)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ် အစည်းအဝေး ကျင်းပကာ အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။
 
နစကဥက္ကဋ္ဌက “ မုန်တိုင်းဒဏ် သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန် နှင့် တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ အရေးပေါ် ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများ ဖြန့်ဖြူးပေးမှု အဆင်ပြေစေရေး ထုတ်ပိုးမှုများကို လွယ်ကူစွာ သယ်ဆောင်နိုင်သည့် ထုတ်ပိုးမှုများ ဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်းအဖျားနေရာ များတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများ တိုက်ခတ်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မုန်းတိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများ ဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်”ဟု ပြောသည်။
 
 
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက တပ်မတော်မှ ဆေးဝါးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင် ပြင်ဆင်ထားကြောင်း ပြောသည်။
 
အလားတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး တို့က အရေးပေါ်သုံး၊ စစ်သုံး ဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ် ရဟတ်ယာဉ် ကွင်းများ တည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာ ပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး လေယာဉ် ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်တိုင်းစစ်ဌာနချုပ်များ အားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လိုသည်”ဟု ပြောသည်။
 
 
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိ ကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
 
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကာ ရခိုင်ဒေသခံများကို ရွှေ့ပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် တခြားသော ဒေသများတွင် မိုးသက် လေပြင်းများ ကျရောက်လျက်ရှိသည်။