CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၃

ရခိုင်ပြည်နယ်သို့ မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့် အတွက်ကြောင့် စစ်တွေမြို့ အပါအဝင် အခြားမြို့များမှ ဒေသခံများသည် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ အဓိက တိမ်းရှောင်နေကြကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့သို့ မုန်တိုင်း တိမ်းရှောင်ရန်သွားသည့် စစ်တွေမြို့မှ ဒေါ်ကျော်မီလှလွင်က”ကားဂိတ်မှာလည်း မိသားစုလိုက် ကားဂိတ်ကို ဆင်းလာတယ်။ သွားမယ့် ကားတွေကို လိုက်မေးတာပေါ့နော်။ တချို့ကားတွေက လည်း စောင့်ပြီးတော့ သွားပေးတယ်။ တချို့ကားတွေ ကျတော့လည်း မရှိတော့ဘူး။ အခုက ကားဈေးကလည်း မတရားဈေးတွေ ဟိုဟာဖြစ်နေတာဆိုတော့။ ပုဏ္ဏားကျွန်းဘက်တောင် သိပ်မပြေးကြတော့ဘူး။ ကျောက်တော်၊ မြောက်ဦးပဲ။ အခုသွားတဲ့လူတွေ ကားပေါ်မှာ ကျောက်တော်နဲ့ မြောက်ဦးပဲ ပါတယ်။ ကျောက်တော်၊ မြောက်ဦးက တောင်တွေရှိလို့။ အဲဒီဘက်တွေက မုန်တိုင်းမဝင်ဘူး ပုံစံမျိုးလို ဖြစ်တယ်လေ။ အခုဖြတ်မယ့် နေရာက အဲဒီဘက် မပါဘူးလေ။ အဲဒီစစ်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ အများကြီးပဲ တချို့ကလည်း အဲဒီဘုန်းကြီး ကျောင်းကနေပြီး မြောက်ဦး၊ ကျောက်တော်ကို ပြေးကြတယ်တဲ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

ထို့ကြောင့် လက်ရှိ ရခိုင်တွင် အသက်ကယ်အင်္ကျီလျှင် တစ်သိန်းကျော်၊ ဘတ္တရီ ၂ သောင်းအား ပါဝင်သည့် Power Bank တစ်လုံးလျှင် ရှစ်သောင်းကျော်၊ ကားစင်းလုံးငှားပါက သုံးသိန်းမှ ငါးသိန်းခန့် စသဖြင့် ဈေးနှုန်းကြီးမြင့် မှုများ ဖြစ်နေကြောင်းလည်း ဒေသခံများထံက သိရသည်။

မြောက်ဦးမြို့သို့ မုန်တိုင်းရှောင်ပြည်သူများ

မြောက်ဦးဒေသခံ ဦးညီဘုက “အခုလောလောဆယ်တော့ သူတို့တည်းခိုမယ့် နေရာတွေပဲ ရသေးတယ်။ ဒီသူတို့ ဒီအဖွဲ့အစည်းတွေ ဘာတွေကနေပြီးတော့ ကြိုတင်ပြင်ဆင် လာလုပ်ပေးတာတွေ ဘာတွေတော့ မရှိသေးဘူး။ အခု ဒီတိမ်းရှောင်နေတဲ့ လူတွေ စားဝတ်နေရေး အခက်အခဲဖြစ်မယ်။ လူတွေက အစုလိုက် အပြုံလိုက်နေရတဲ့ အခါကြ တော့ နေမယ့်နေရာ ရလို့ရှိရင်လည်း ဒီစားမယ့် အစားအသောက် ပိုင်းကြတော့ နည်းနည်း အခက်အခဲရှိတယ်။ အဲဒါပိုင်းကြတော့ လူမှုအဖွဲ့အစည်းတွေက သွားရောက်ပြီးတော့ ဘာတွေ လိုအပ်ချက်ရှိလဲဆိုတာကို မေးမြန်းပြီး တော့ ပေးစေချင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့သို့ တိမ်းရှောင် လာကြသူများထဲတွင် အခြားမြို့များမှ ဒေသခံများ ပါဝင်သကဲ့သို့ မြောက်ဦးမြို့ရှိ မြေနိမ့်ပိုင်းရွာများမှ ဒေသခံများလည်း လာရောက် တိမ်းရှောင်နေကြကြောင်း၊ မြောက်ဦးမြို့ပေါ်တွင် မုန်တိုင်း ရှောင် ဒေသခံ ၅၀၀ ဝန်းကျင် ရောက်ရှိနေပြီဖြစ်ကြောင်း မြတန်ဆောင်း ဆရာတော်မှ CNI သတင်းဌာနသို့ မိန့်ကြားသည်။

ဆရာတော်က “ထွေထွေထူးထူး ပြင်ဆင်ထားတာတော့ မရှိဘူး။ မြောက်ဦးမြို့ပေါ်က အိမ်တွေက သူတို့ပြည်သူ တွေဆီကပဲ ပြန်ပြီးတော့ ထမင်းထုပ် ပေးတာမျိုးတွေ အဲဒါမျိုး။ ချမ်းသာတဲ့ နည်းနည်းပြည့်စုံတဲ့ လူတွေကနေ ပြီးတော့ လှူတာပေါ့နော်။ ထမင်းလှူတာပေါ့လေ။ အဲဒါမျိုးတွေနဲ့ ဖြေရှင်းနေပါတယ်။ မနက်က အုပ်ချုပ်ရေးမှူး က လာပြီးတော့ မုန်တိုင်းရှောင် ပြည်သူတွေကို သက်သက် ထားမယ်ဆိုပြီးတော့ ပြောပါတယ်” ဟု မိန့်သည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်မှ မြို့နယ် ၇ မြို့နယ်အား ဘေးအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သတ်မှတ်ထားသည်။

ဘုန်းတော်ကြီးကျောင်းများတွင်ခိုလှုံနေထိုင်နေသည့် ရခိုင်ဒေသခံများ

ထိုမြို့တို့မှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်မြို့တို့ ဖြစ်သည့် အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာများဖြစ်သည့် ကျောက်တော်နှင့် မြောက်ဦးမြို့များသို့ အဓိက တိမ်းရှောင်ကြသည့်အပြင် အခြားမြို့နယ်များသို့ တိမ်းရှောင်သူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဖြတ်သန်း ဝင်ရောက်နိုင်ကြောင်းလည်း မိုးဇလမှ ခန့်မှန်းထားသည်။