CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကသည် ၆ လ သက်တမ်းတိုးကာလ လာမည့် ဇူလိုင် ၃၁ ရက် နေ့တွင် ပြည့်မည်ဖြစ်၍ မည်ကဲ့သို့ အပြောင်းအလဲ လုပ်လာနိုင်သလဲဆိုသည့်အပေါ်  နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

နစကအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုး မြှင့် သတ်မှတ်ခဲ့သည်။

အဆိုပါ ၆ လ သက်တမ်းတိုး ကာလသည် ယခုလ ဇူလိုင် ၃၁ ရက်နေ့တွင် သက်တမ်းပြည့်မည်ဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုးမည်လား သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းလာမလား အမျိုးမျိုး သုံးသပ်ဆွေးနွေးနေကြသည်။

လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေသည် ခွဲစိတ်ကုသမှု အချို့ကို ပြုလုပ်ခဲ့ရပြီး အာရုံကြော အားနည်းရောဂါကို ဆက်လက် ခံစားနေရသဖြင့် ဆေးခွင့်ယူ၍  နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာ  တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

ကာ/လုံကိုတွေ့ရစဉ်

နစကအနေဖြင့် မည့်သည့် အပြောင်းအလဲ လုပ်လာမလဲဆိုသည်ကို ခန့်မှန်း၍ မရကြောင်း၊ သို့သော်လည်း ကြီးကြီးမားမား ပြောင်းလဲနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထင်မြင်ချက်ကတော့ အမျိုးမျိုး ပေးကြပါတယ်ခင်ဗျ၊ ကျနော်လည်း ခန့်မှန်းလို့တော့ မရဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ကြီးကြီးမားမားတော့ ပြောင်းလဲနိုင်တယ်လို့ ပြောနိုင်ပါတယ်” ဟု ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသော ယာယီသမ္မတ ဦးမြင့်ဆွေ၏ နေရာကို သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကို အစားထိုး ခန့်အပ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး နစကအနေဖြင့် နောက်ထပ် ၆ လ သက်တမ်းတိုး ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ယာယီသမ္မတဦးမြင့်ဆွေနဲ့ ကာ/လုံ အဖွဲ့၀င်များကိုတွေ့ရစဉ်

၎င်းက “တိုးမှပဲ သူ့ဖက်က ဘယ်လိုပြောမလဲ၊ အောက်တိုဘာ သန်းခေါင်စာရင်းကို နစကအစိုးရအနေနဲ့ ကောက်ယူ နိုင်မှာပေါ့၊ စာရင်း ခိုင်ခိုင်မာမာနဲ့ အခြေပြုထားတဲ့ဟာ ဆောင်ရွက်နိုင်မယ်လေ၊ အဲဒါ လိုအပ်ချက်ကို ပြောတာပါ၊ နစက ၆ လ ယူမှာပေါ့။ ဖြစ်နိုင်ခြေကို တွက်ရင် ၂၀၂၅ ဆိုတာက ၁၂ ဆိုတာ ကျန်ပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကို တွက်ရင် သူ့ဖက်က အောက်တိုဘာလကလည်း သန်းခေါင်စာရင်း လုပ်မယ်ဆိုတော့ အဲဒီ အောက်တိုဘာ ပါတဲ့ ၆ လကတော့ဖြင့် သူယူကို ယူရမှာပဲ နစက၊ နစကအနေနဲ့ ၆ လယူရင် ခင်ဗျားတို့ ကျနော်တို့ ပြောကြတဲ့အတိုင်းပါပဲ၊ လာမယ့် ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သွားမှာပေါ့၊ ဆက်ပြီး ယူမလား၊ မယူဘူးလား ဆက်ပြီး ယူမှပဲ မိုးတွင်းကာလကို ဖြတ်သန်းနိုင်မှာပေါ့၊ ရွေးကောက်ပွဲသည် ၂၀၂၅ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတဲ့ လနှစ်လလောက်မှာပဲ ဖြစ်နိုင်ချေ (ရွေးကောက်ပွဲ) များတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန်နှင့် သာမာန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ထပ်မံ၍ ၆ လ သက်တမ်းကို ယာယီသမ္မတက တိုးမြှင့်ပေးခဲ့သည်။