CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃

ယာယီသမ္မတ တာဝန်ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူခဲ့ပြီးနောက် ဘာတွေ လုပ်ဆောင်လာနိုင်သလဲဆိုတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

လက်ရှိ ကျန်းမာရေး အခြေအနေများကြောင့် ဆေးခွင့်ယူထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် တာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ် သလို ဆောင်ရွက်နိုင်ရန် ယာယီသမ္မတတာဝန်များအား နစကဥက္ကဋ္ဌထံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က လွှဲပြောင်းအပ်နှံခဲ့သည်။

နစကအစိုးရသည် ၆ လ သက်တမ်းတိုးကာလ လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပရမည်ဖြစ်သည်။

လက်ရှိ ယာယီသမ္မတမှာ ကျန်းမာရေး အခြေအနေများကြောင့် ခွင့်ယူနေရသည့်အတွက် လာမည့် ဇူလိုင် ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးတွင် လိုအပ်သည်များ ဆောင်ရွက်ရန် သမ္မတလိုအပ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

 ဦးမြင့်ဆွေကို တွေ့ရစဉ်

၎င်းက “သူ့ကို တာဝန်မပေးဘူးဆိုရင်တော့ ဘယ်သူ့ကို နေရာပေးမလဲ သမ္မတနေရာပေါ့လေ၊ အဲဒီလို အပိုင်းမျိုး ဆိုတော့ အမျိုးမျိုးတော့ ပြောနေဆိုနေကြတာပေါ့၊ ဘယ်လိုမြင်သလဲဆိုတော့ စောင့်ကြည့်ရဦးမယ်လေ၊ ခဏ တော့ စောင့်ကြည့်ရဦးမယ်၊ ဘယ်လို အနေအထားမျိုးလဲ သတင်းတွေ လွှင့်တာက သမ္မတရာထူးကို အကယ်၍ ဦးမြင့်ဆွေ မလုပ်နိုင်တော့ဘူးဆိုလို့ရှိရင် တရုတ်ပြည်ကိုသွားတဲ့ ဦးသိန်းစိန်ကိုများ လွှဲမလား ကာကွယ်ရေး ဦးစီး ချုပ်ကရော ပြန်ယူမလား ဆိုပြီးတော့ ပြောနေဆိုနေကြတာတော့ ရှိတာပေါ့၊ အခုတော့ ကာကွယ်ရေးဦးစီးချုပ်က ပြန်ယူလိုက်ပြီဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့၊ ကာလုံအစည်းအဝေးမှာ သမ္မတတွေလည်း ပါမယ်၊ ဒုသမ္မတတွေ လည်းပါမယ်၊ အခုသမ္မတ မရှိဘူး၊ ဒုသမ္မတတွေလည်း မရှိဘူး။ ကာချုပ်ကတော့ ပါမှာပေါ့၊ အခုကာချုပ်နဲ့ သမ္မတနဲ့ က တစ်ယောက်တည်း ဖြစ်နေတဲ့ ကိစ္စသွားဖြစ်မှာပေါ့၊ အကယ်၍ ခေါ်မယ်ဆိုလို့ရှိရင်တော့” ဟု  ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ နစကမှ တာဝန်ယူခဲ့သည်မှာ ၃ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

လက်ရှိ အာဏာအားလုံးမှာ နစကဥက္ကဋ္ဌတွင် ရှိနေပြီး ယာယီသမ္မတ တာဝန်ယူလိုက်သော်လည်း အာဏာတိုး လာစရာမရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ဒါက နာမည်တာ တိုးလိုက်တာပါ၊ အာဏာအားလုံးက သူ့လက်ထဲမှာ ရှိပြီးသားပဲ၊ အဲဒီတော့ အာဏာထပ် ပြီးတော့ သူ့ကို အပ်နှင်းစရာ မလိုပါဘူး။ ဒါပေမဲ့ သမ္မတဆိုတဲ့ အမည်နာမနဲ့ ဆက်ပြီးတော့ အမိန့်ထုတ် ကြေညာ ချက် ထုတ်ပြီးတော့ ဆက်လက်ပြီးတော့ တိုင်းပြည်ကို အာဏာသုံးရပ်ကိုင်စွဲ ကျင့်သုံးသွားမှာ ဖြစ်တဲ့အတွက် အာဏာကတော့ ပိုပြီးတော့ ထပ်တိုးလာတာ မဟုတ်ဘူးလို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

လက်ရှိတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ကျန်းမာရေး အခြေအနေများကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ယာယီသမ္မတ တာဝန်ကို နစက ဥက္ကဋ္ဌက လွှဲပြောင်းရယူခဲ့သည်။