CNI International News

ဂရန်း ရက်ပစ်၊ ဇူလိုင် ၂၂

အမေရိကန် သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် မီချီဂန် (Michigan) ပြည်နယ်၊ ဂရန်းရက်ပစ် (Grand Rapids) မြို့တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ဒီမိုကရက်များကို လှောင်ပြောင်သရော်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုမဲဆွယ်စည်းရုံးပွဲသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ထရမ့် ပစ်ခတ်ခံခဲ့ရသော ဖြစ်စဉ်အပြီးတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲဖြစ်သည်။

ဂရန်းရက်ပစ်မြို့တွင် ပြုလုပ်သည့် ထိုမဲဆွယ်စည်းရုံးပွဲ၌ ထရမ့်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဒီမိုကရက်များကို လှောင်ပြောင်သရော်ခဲ့သလို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပယ်လိုစီ (Nancy Pelosi) ကိုလည်း ခွေးနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။

ဘတ်တလာမြို့ မဲဆွယ်စည်းရုံးပွဲ ပစ်ခတ်ခံရမှု ဖြစ်စဉ်ကြောင့် ယခု ဂရန်းရက်ပစ်မြို့တွင် ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲ၌ လုံခြုံရေးများ တင်းကျပ်စွာချထားခဲ့ပြီး မြို့တွင်းရှိ လမ်းများ၏ လမ်းထောင့်တိုင်းမှာ ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

"သူတို့ (ဒီမိုကရက်တွေ) ရဲ့ ပြသနာက ဘယ်သူ့ကို သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးရ မှန်းမသိတဲ့ ပြဿနာဖြစ်ပါတယ်။ ကျနော့်ကို  ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာ သူတို့ဟာ ဘိုင်ဒန်ကို ရွေးကောက်ပွဲက နုတ်ထွက်စေချင်နေကြပါတယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် နန်စီပယ်လိုစီသည်လည်း ခွေးတစ်ကောင်ကဲ့သို့ ဘိုင်ဒန်ကို ရွေးကောက်ပွဲမှ မနုတ်ထွက်စေရန် တွန်းအားပေးနေကြောင်းနှင့် နန်စီပယ်လိုစီသည် ကြမ်းပိုးတစ်ကောင်ကဲ့သို့ တုံးအသူဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်၏ ခွေးနှင့်နှိုင်းသည့် ပြောကြားချက်နှင့်ပတ်သက်ပြီး နန်စီပယ်လိုစီ၏ ရုံးက မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထို့ပြင် ထရမ့်က ဘတ်တလာမြို့ မဲဆွယ်စည်းရုံးပွဲတွင် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး သူသည် ဒီမိုကရေစီအတွက် ကျည်ဆန်ထိမှန် ခံခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်း၏ ထောက်ခံသူများကို ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်သည် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီးနောက် ဇူလိုင် ၂၁ ရက်နေ့မှာပဲ  သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

Source: ရိုက်တာ