CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရ၏ အလုပ်အကိုင် ခွဲတမ်းချသည့်အစီအစဉ်ကို ဆန့်ကျင်သော  ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ခရီးမသွားရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်တွင် အမေရိကန်နိုင်ငံသားများကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် သတိပေး ချက်ကို အဆင့် ၄ အထိ တိုးမြှင့် ထုတ်ပြန်ထားသလို ဇူလိုင် ၁၉ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မည့် အမေရိကန်ပြည်သူများကို ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အရေးပေါ် တာဝန်ထမ်းဆောင်စရာမလိုသည့် အမေရိကန်အစိုးရ အရာရှိများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘင်္ဂလားဒေ့ရှ်မှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်သားတွေကိုတွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့်စနစ်အရ လစာကောင်းသည့် အစိုးရရာထူးနေရာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ်က ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေးရယူသည့် စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သော စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ခွဲတမ်းချပေးထားသည်။

ထိုအစီအစဉ်ကြောင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်ကလည်း ကာဖျူး(ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ကာ စစ်သားများကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ချထားခဲ့ကာ တည်ငြိမ်မှု ပြန်လည်ရရှိစေရန် ကြိုးပမ်းခဲ့သည်။

ဒါကာ (Dhaka) မြို့တော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ဝန်းတွင် ဆူပူအုံကြွမှုများဖြစ်ပွားပြီး လူသေဆုံးမှုများရှိနေ သည့် အခြေအနေကြောင့် ပြည်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ မသွားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အဓိရုဏ်းကိုတွေ့ရစဉ်

လုံခြုံရေးအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကောင်စစ်ဝန်ရုံးဝန်ဆောင်မှု လုပ်ငန်းစဉ်များသည် နှောင့်နှေးကြန့်ကြာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ထိန်းသိမ်းရန်နှင့် မကြာသေးမီ ရက်များအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွက် စိုးရိမ်ကြောင်း အမေရိကန်နှင့် ကနေဒါတို့က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့် သီတင်းတစ်ပတ်က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှု အပြင်းထန်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီး သေဆုံးသူ ၁၅၀ ကျော်အထိ ရှိခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်