CNI International News
ကာရာကက်စ်၊ နိုဝင်ဘာ ၂၄
ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေပြီး အန္တရာယ်ရှိနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်က အဓိက လေကြောင်းလိုင်းများကို သတိပေးခဲ့ပြီးနောက် နိုင်ငံတကာ လေကြောင်း လိုင်း ၆ ခုက ဗင်နီဇွဲလားသို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုလေကြောင်းလိုင်းများမှာ စပိန်၏ Iberia ၊ ပေါ်တူဂီ၏ TAP ၊ ချီလီ၏ LATAM ၊ ကိုလံဘီယာ၏ Avianca ၊ ဘရာဇီးလ်၏ GOL ၊ ထရီနီဒက်နှင့် တိုဘာဂို၏ Caribbean လေကြောင်းလိုင်းများ ဖြစ်သည်။
ထိုလေကြောင်းလိုင်းများက ဗင်နီဇွဲလားသို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ် အားလုံးကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်ဟု ဗင်နီဇွဲလား လေကြောင်းလိုင်များအသင်း၏ဥက္ကဋ္ဌ မာရီဆီလာ ဒီ လိုအိုင်ဇာ (Marisela de Loaiza) ၏ ပြောကြား ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။
TAP လေကြောင်းလိုင်းက နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ လေကြောင်း ခရီးစဉ်များကို ဆိုင်းငံ့ကြောင်း နှင့် Iberia လေကြောင်းလိုင်းက နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဗင်နီဇွဲလား အလံနဲ့ တိုက်လေယာဉ်ကို တွေ့ရစဉ်
လေကြောင်း လုံခြုံရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သတိပေးချက်ကြောင့် ထိုကဲ့သို့ လေကြောင်း ခရီးစဉ်များ ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း TAP လေကြောင်းလိုင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ပနားမား၏ Copa Airlines၊ စပိန်၏ Air Europa နှင့် Plus Ultra၊ တူရကီ၏ Turkish Airlines နှင့် ဗင်နီဇွဲလား၏ LASER လေကြောင်းလိုင်းများကမူ လက်ရှိအချိန်အထိ လေကြောင်းခရီးစဉ်များကို ပြေးဆွဲနေဆဲဖြစ်သည်။
အမေရိကန်သည် ကာရစ်ဘီယံ ပင်လယ်အတွင်းသို့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော အပါအဝင် စစ် သင်္ဘောများနှင့် စစ်သားများကို ဖြန့်ကြက်ချထားခဲ့သဖြင့် အမေရိကန်နှင့် ဗင်နီဇွဲလားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့သည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ကမူ ကာရစ်ဘီယံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်သည့် စစ်ဆင်ရေးအတွက် စစ်အင်အားများ ဖြန့် ကြက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဗင်နီဇွဲလား အစိုးရကမူ အမေရိကန်သည် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖြုတ်ချရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယ ရှိသည့် သင်္ဘောများကို တိုက်ခိုက်မှု ၂၁ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး လူ ၈၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
