CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၂၄
အိန္ဒိယသည် တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသအနီးရှိ အလွန်မြင့်မားသည့် တောင်ပေါ်တွင် လေတပ်စခန်းတစ်ခု ဖွင့်ပွဲအခမ်းအနားကို ယခုလ အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလေတပ်စခန်းသည် တရုတ်ကို ခြိမ်းခြောက်ခြင်းထက် အိန္ဒိယ၏ အခြေခံ အဆောက်အအုံများကို အဆင့် မြှင့်တင် မွမ်းမံသည့် ရေရည်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ Mudh-Nyoma Air Force Station အမည်ရှိ ထိုလေတပ်စခန်းသည် အမြင့် ပေ ၁၃,၇၀၀ (၄၁၇၆ မီတာ) တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကြား ပိုင်းခြားထားသည့် နယ်စပ်စည်းဖြစ်သော Line of Actual Control နှင့် ၃၀ ကီလိုမီတာ (၁၉ မိုင်) အကွာတွင် တည်ရှိကြောင်း သိရ သည်။
ထိုလေတပ်စခန်းသို့ C-130J သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဆင်းသက်ခဲ့ကြောင်း အိန္ဒိယ လေတပ်၏ ဗိုလ်ချုပ်ကြီး အမ်မာ ပရိ ဆင်း (Amar Preet Singh) က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယစစ်သား တစ်ဦးကို တွေ့ရစဉ်
ထိုဖြစ်စဉ်သည် အိန္ဒိယလေတပ်က Mudh-Nyoma လေတပ်စခန်း၌ လေယာဉ်တစ်စင်း ဆင်းသက်ကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်မှုတစ်ခုဖြစ်သည်။
ထိုလေတပ်စခန်းသည် မဟာဗျူဟာအရ အရေးပါနေသည်မှာ သိသာထင်ရှားနေသော်လည်း တရုတ်သည် ထိုလေတပ်စခန်းကို တိုက်ရိုက် ရင်ဆိုင်တွေ့မှု၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ခြင်းမရှိဘဲ အိန္ဒိယ၏ နယ်စပ် အခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင်သည့် ကြိုးပမ်းအားထုတ်မှုအဖြစ် ရှုမြင်ရန် ပိုပြီးဖြစ်နိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်နှင့် အိန္ဒိယတို့သည် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ဆက်ဆံရေးကို မတင်းမာစေရန် ကြိုးပမ်းနေသဖြင့် ထိုလေတပ်စခန်းသည် နှစ်နိုင်ငံစလုံး၏ ချဉ်းကပ်ဆောင်ရွက်မှုများအား လမ်းလွဲသွားစေနိုင်ဖွယ် မရှိကြောင်းလည်း လေ့လာသူများက သုံးသပ်ခဲ့သည်။
တရုတ်၏ ဟိုင်နန် (Hainan) ပြည်နယ်ရှိ တောင်တရုတ်ပင်လယ်ရေးရာ လေ့လာရေး အင်စတီကျု၏ တွဲဖက် သုတေသီဖြစ်သည့် ဟီရှန်ချင် (He Xianqing) ကမူ အိန္ဒိယ၏ လေတပ်စခန်းသည် မဟာဗျူဟာအရ အရေးပါပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေသတွင် လေကြောင်းမှ ကင်းလှည့်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေနိုင်သည်ဟု ပြောကြားခဲ့သည်။
Source: South China Morning Post
