CNI International News

ဘရာစီလီယာ၊ နိုဝင်ဘာ ၂၄

ဘရာဇီးလ်နိုင်ငံ၏ လက်ယာစွန်း သမ္မတဟောင်း ဘော်ဆိုနာရို (Jair Bolsonaro) အား ထွက်ပြေးမည်ကို စိုးရိမ်၍ နေအိမ်အကျယ်ချုပ်ကနေ အချုပ်ခန်းသို့ ပို့ဆောင် ထိန်းသိမ်းခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။

သမ္မတဟောင်း ဘော်ဆိုနာရိုအား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားမှုကို အဆုံးသတ်ကြောင်း တရားရုံးချုပ် က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်တွင် ၎င်းအား ဖက်ဒရယ် ရဲတပ်ဖွဲ့၏ အချုပ်ခန်းသို့ ထည့်သွင်းပြီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဘော်ဆိုနာရိုသည် ထွက်ပြေးနိုင်သည့် အန္တရာယ်ရှိသဖြင့် ကြိုတင်ကာကွယ်သော အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ အချုပ် ခန်းသို့ လွှဲပြောင်း ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီး အလက်ဇန္ဒား ဒီမိုရေးစ် (Alexandre de Moraes) က ပြောကြားခဲ့သည်။

ဘော်ဆိုနာရိုသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲက လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inácio Lula da Silva) အနိုင်ရခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် ပူးပေါင်းကြံစည်မှုအတွက် အယူခံ ဝင်နေဆဲဖြစ်သည်။

ဘရာဇီးလ် ရဲတပ်ဖွဲ့ရုံးကို တွေ့ရစဉ်

ရဲတပ်ဖွဲ့က ဘော်ဆိုနာရိုကို ဘရာစီလီယာမြို့တော်ရှိ ၎င်း၏ နေအိမ်မှ ဖက်ဒရယ် အဆောက်အအုံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်။

တရားရုံးချုပ်က တရားသူကြီး ဒီမိုရေးစ်၏ အမိန့်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် စစ်ဆေး သုံးသပ်သွားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်ညပိုင်းတွင် ဘော်ဆိုနာရိုအား တပ်ဆင်ထားသည့် ခြေရာခံ စောင့်ကြည့်သည့် အီလက်ထရောနစ် ခြေကျင်းထံမှ အချက်ပြထုတ်လွှင့်မှုများ ပြတ်တောင်းပြတ်တောင်း ဖြစ်နေမှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဒီမိုရေးစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၂ ရက်တွင် တရားရုံးချုပ်က ထုတ်လွှင့်သည့် ဗွီဒီယိုထဲတွင် ဘိုဆိုနာရိုက သူသည် အီလက်ထရောနစ် ခြေကျင်းကို ပျက်စီးစေရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ပြင် ဘော်ဆိုနာရိုအား တပ်ဆင်ထားသည့် ခြေကျင်းသည် မီးရှို့ခံထားရပြီး ထိခိုက်ပျက်စီးနေပုံ ပေါ်သော်လည်း ၎င်း၏ ခြေကျင်းဝတ်တွင် တပ်ဆင်ထားဆဲဖြစ်ကြောင်း ထိုဗွီဒီယိုထဲတွင် မြင်တွေ့ရသည်။

ထို့ပြင် ဘော်ဆိုနာရိုသည် ဘရာစီလီယာမြို့တော်ရှိ အာဂျင်တီးနားသံရုံးတွင် ခိုလှုံခွင့် တောင်းခံရန် စဉ်းစားနေ သည့် သတင်းများကိုလည်း ကြိုတင်ရရှိခဲ့ကြောင်း မိုရေးစ်က ပြောကြားခဲ့သည်။

Source: DW