CNI International News

ရီယိုဒီ ဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၀

ဘရာဇီးလ်ရဲတပ်ဖွဲ့သည် အာဏာသိမ်းရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ၏ ထိပ်သီးလက်ထောက်များ၏ နေအိမ်များနှင့် ရုံးခန်းများကို ဖေဖော်ဝါရီ ၈ ရက် က ဝင်ရောက်ရှာဖွေခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဘော်ဆိုနာရို၏ လက်ထောက်များသည် အာဏာသိမ်းရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ထိုအစီအစဉ်ကို ဘော်ဆိုနာရိုက သိရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင်ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲက ဘော်ဆိုနာရို ရှုံးနိမ့်ခဲ့ချိန်တွင် ၎င်း၏ လက်ထောက်များသည် ၎င်းအား မဲလိမ်လည်မှုရှိကြောင်း ကြေညာသည့်အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ရန်နှင့် စစ်တပ်က ကြားဝင်ဖြေရှင်းပြီး ရွေးကောက်ပွဲအသစ်တစ်ခု ထပ်မံကျင်းပရန် အစီအစဉ်များကို ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု ဆိုသည်။

သို့သော် ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

ဖေဖော်ဝါရီ ၈ ရက်က ရဲတပ်ဖွဲ့၏ ဝင်ရောက် ရှာဖွေမှုများတွင် ဘော်ဆိုနာရိုနှင့် ၎င်း၏ လက်ထောက်များ၏ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း တရားရုံးချုပ်တရားသူကြီး အလက်ဇန္ဒား ဒရီ ဒီမိုရက်စ် (Alexandre de Moraes) က ဖေဖော်ဝါရီ ၈ ရက်တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ရွေးကောက်ပွဲက လက်ဝဲယိမ်းခေါင်းဆောင် လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဘော်လ်ဆိုနာရိုကို အာဏာဆက်လက် တည်မြဲစေရန် အာဏာသိမ်းရန် ကြိုးပမ်း မှုဖြင့် သံသယရှိသူများ၏ နေအိမ်များနှင့် ရုံးခန်းများကို ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအုပ်စုသည် စစ်တပ်က ကြားဝင်မည့် အခြေအနေအတွက် တရားဝင်မှုရှိစေရန် မဲလိမ်လည်မှုများရှိကြောင်း စွပ်စွဲရန် ပြင်ဆင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေခဲ့သည့် နေရာပေါင်း ၃၃ နေရာတွင် ဘော်ဆိုနာရို၏ အထူးအကြံပေးပုဂ္ဂိုလ် ဖီးလစ် မာတင် (Filipe Martins) ၊ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲကတွဲဖက်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ဝယ်လ်တာ ဘရာဂါ နက်တို (Walter Braga Netto)၊ အကြံပေးပုဂ္ဂိုဟ်ဟောင်း ဗိုလ်ချုပ်ကြီး  သြဂတ်စတို ဟယ်လန်နို (Augusto Heleno)၊ တရားရေးဝန်ကြီးဟောင်း အန်ဒါဆင် တောရက်စ် (Anderson Torres) နှင့် ဘော်ဆိုနာရို၏ လစ်ဘရယ်ပါတီအကြီးအကဲ ဗယ်လ်ဒီမာ ကော်စတာ နက်တို (Valdemar Costa Neto)တို့၏ နေအိမ်များနှင့် ရုံးခန်းများပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: အေပီ