CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၀

ပြီးခဲ့သည့် သီတင်းပတ်က လုပ်ကြံသတ်ဖြတ်သည့် အားထုတ်ကြိုးပမ်းမှုမှ အသက်ရှင် လွတ်မြောက်ခဲ့သော အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ နောက်တစ်ကြိမ် အနိုင်ရခဲ့မည်ဆိုပါက ကမ္ဘာပေါ်မှာ ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံသတ် သွားလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း NDTV မှ ဖော်ပြခဲ့သည်။

ယနေ့ခေတ် ကမ္ဘာကြီးသည် တတိယကမ္ဘာစစ် ဖြစ်ပွားမည့် အခြေအနေသို့ နီးကပ်စွာ ရောက်ရှိနေကြောင်း၊ သူသာ သမ္မတ ဖြစ်လာခဲ့မည်ဆိုပါက အစ္စရေး-ဟားမာ့စ်စစ်ပွဲ၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ ပဋိပက္ခ အားလုံးကို အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်သည် ဇူလိုင် ၁၆ ရက်က ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ရီပတ်ဘလစ်ကန်ပါတီအား ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရမှုကို တရားဝင် လက်ခံခဲ့သည်။

ယူကရိန်းနဲ့ရုရှားစစ်ပွဲကိုတွေ့ရစဉ်

“ကျနော်တို့ ကမ္ဘာကြီးက တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးစပ်နေပါပြီ။ အဲဒီစစ်ပွဲဟာ တခြား ဘယ်စစ်ပွဲနဲ့မှ တူမှာမဟုတ် ပါဘူး။ ကျနော် သမ္မတဖြစ်လာရင် အခုအစိုးရက ဖန်တီးခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခတွေ အားလုံးကို အဆုံးသတ် သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်က  သူသမ္မတ ဖြစ်နေချိန်တွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲများ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ၏ နောက်ဆုံးနေ့တွင် ပြောကြားသော မိန့်ခွန်း၌ ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက် လုပ်ကြံခံရမှုဖြစ်ပွားပြီးနောက် ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် ထရမ့်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ကို ထိုးနှက်တိုက်ခိုက်ခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဂျိုးဘိုင်ဒန် လက်ထက်တွင် ကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပုံကို ပုံဖော်ရန်ကြိုးစားခဲ့ပြီး ကမ္ဘာသည် တတိယကမ္ဘာစစ် ဖြစ်လုနီးပါး အနေအထားကို ရောက်နေသည်ဟု ထရန့်က ပြောကြားခဲ့ကာ နိုင်ငံတကာ စင်မြင့် ထက်တွင် အမေရိကန်၏ ဂုဏ်သိက္ခာကို ပြန်တင်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

“ကျနော်တို့ဟာ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးတို့ကို ပြန်လည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်များကို ပြောကြားခဲ့ခြင်းမရှိပေ။

ထရမ့်သည် ဇူလိုင် ၁၃ ရက်က ပင်ဆယ်လ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း နားရွက်၌ ဒဏ်ရာရရှိခဲ့ပြီး အသက်ရှင် လွတ်မြောက်ခဲ့သည်။

Source: NDTV